နေပြည်တော် ဇွန် ၁
အစိုးရအဆက်ဆက်ကတည်းက မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်၊ တိုင်းဒေသကြီးအားလုံး ဖွံ့ဖြိုးတိုးတက်စေချင်သည့်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ ယခု အစိုးရသစ် လက်ထက်တွင်လည်း အကြောင်းအမျိုးမျိုးကြောင့် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသေးသည့် ရခိုင်ပြည်နယ်ကြီး အလျင်အမြန် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်စေရန် မေ ၃၀ ရက်တွင် နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာအမှတ် (၂၃/၂၀၁၆) ဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌ ၊ မိမိနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်တို့က ဒုတိယဥက္ကဋ္ဌများအဖြစ် အဖွဲ့ဝင် ၂၇ ဦးဖြင့် စနစ်တကျဖွဲ့စည်းပြီး လုပ်ငန်းကော်မတီ လေးခုကိုပါ ဖွဲ့စည်းထားကြောင်း၊ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများဖြင့် လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အင်တိုက်အားတိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် မြေပုံမြို့နယ်ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် လူထုတွေ့ဆုံပွဲတွင် ပြောကြားသည်။ ရခိုင်ပြည်နယ်သည် သယံဇာတအလွန်ပေါများ ကြွယ်ဝသည့် ပြည်နယ်ကြီးဖြစ်ပြီး ရေ၊ မြေ၊ သစ်တော၊ သဘာဝတွင်းထွက် သယံဇာတများ ပေါကြွယ်ဝပါကြောင်း၊ ယင်းတို့ကို အကျိုးရှိရှိဖြင့် ပြည်ထောင်စုအစိုးရ၏ ကွပ်ကဲမှုနှင့် ဒေသခံပြည်သူများ၊ အဖွဲ့အစည်းများကပါ စည်းလုံးညီညွတ်စွာ ပူးပေါင်းပါ၀င် ဆောင်ရွက်သွားမည်ဆိုပါက ပြည်နယ်ကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ မိမိတို့သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရည်မှန်းထားသကဲ့သို့ အမျိုးသားရင်ကြားစေ့ရေးအတွက် အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ချစ်ခင်လေးစားမှု၊ အပြန်အလှန် ယုံကြည်မှုတို့ဖြင့် ပေါင်းစည်းနေထိုင်လုပ်ကိုင်ပြီး တိုင်းပြည်အတွက် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြဖို့ အလွန်အလေးထားပါကြောင်း၊ ယင်းသို့ အလေးထားဆောင်ရွက်နေခြင်းကို ဒေသခံ တာဝန်ရှိသူများနှင့် ပြည်သူများကလည်း အားတက်သရော ကူညီပံ့ပိုးပေးကြပါရန် ပြောလိုပါကြောင်း ဖြင့်လည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုကော်မတီနှင့် ကော်မတီများဖွဲ့စည်းကာ ဆောင်ရွက်သွားမည့် အစီအမံဆိုင်ရာများကိုလည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရခိုင်ပြည်နယ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများ၊ ပြည်နယ်အတွင်း ကဏ္ဍအလိုက် ဦးစားပေးဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ပြည်နယ်အတွင်း နေထိုင်ကြသူများအတွက် နိုင်ငံသားကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်ခွင့်ရရှိစေရန် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်သွားမည့် အခြေအနေဆိုင်ရာများကိုလည်းကောင်း ပြောကြားသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးအဆင့်မြှင့်တင်ရေး
ဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းရှိ ကျောင်းအဆင့် တိုးမြှင့်ဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ ပညာရေးအရည်အသွေး မြင့်မားလာစေရန် ပညာရေးဝန်ကြီးဌာနမှ စီမံဆောင်ရွက်နေမှု အခြေအနေများ၊ ကျောင်းသား ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ကောင်းမွန်ပြည့်စုံသည့် သင်ယူမှုများနှင့် ဆရာ ဆရာမများ၏ ကောင်းမွန်သည့် သင်ကြားမှုအတွက် လေ့ကျင့်ဆောင်ရွက်ပေးရန် ကိစ္စရပ်ဆိုင်ရာများကို လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေ၊ သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်နှင့် တိုက်ရိုက်တွေ့ဆုံကာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားမည့် အခြေအနေများကို လည်းကောင်း ပြောကြားသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှုပိုမိုတိုးတက်လာရေးကို ဆောင်ရွက်ရန် နိုင်ငံတော်က ပြင်ဆင်ဆောင်ရွက်ထားရှိမှု ဆိုင်ရာများ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းလက်တွဲကာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားမည့် အခြေအနေနှင့် ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို လည်းကောင်း ပြောကြားသည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်အတွင်း လိုအပ်ချက်ဆိုင်ရာများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် ဆောင်ရွက်ဆဲ အခြေအနေများကို ပြောကြားသည်။ တွေ့ဆုံပွဲတွင် မြေပုံမြို့နယ်၊ မင်းပြားမြို့နယ်၊ ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးများက မိမိတို့မြို့နယ်အလိုက် ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်ချက်များအပေါ် ဖြည့်စွက်ရှင်းလင်းတင်ပြကာ နိုင်ငံတော်အပိုင်းမှ ပံ့ပိုးကူညီဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များအပေါ် ရှင်းလင်းတင်ပြသည်။ တက်ရောက်လာကြသည့် မြို့မိမြို့ဖများနှင့် ဒေသခံ ပြည်သူများကလည်း အထွေထွေကိစ္စရပ်များကို တင်ပြကြရာ ပြည်ထောင်စု ၀န်ကြီးများက ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ကံသာထွက်ဝ IDP စခန်းရှိ နေရာချထားပြီး အိမ်ထောင်စု ၄၀ ၏ အသက်မွေး ၀မ်းကျောင်းအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၁၂၀ ကိုပေးအပ်သည်။
ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကံသာထွက်ဝ IDP စခန်း၌ မိသားစုများနှင့် တွေ့ဆုံပြီး ၎င်းင်းတို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ လိုအပ်ချက်၊ လိုလားချက်များကို မေးမြန်းကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် တောင်ပေါ်ရပ်ကွက် IDP စခန်းသို့ သွားရောက်ကာ ကလေးငယ်များ ပညာသင်ကြားနေမှု၊ လူမှုစီးပွားအခြေအနေများကို ကြည့်ရှုကြသည်။ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ဒေသခံပြည်သူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာများအလိုက် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗ်ိုလ်ချုပ်ကြီး ရဲအောင်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ အစီအမံများ၊ ၀န်ကြီးဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးများက မိမိတို့၏ ၀န်ကြီးဌာနအလိုက် ဆောင်ရွက်သွားမည့် အစီအမံများ၊ လုပ်ကိုင်ဆောင်ရွက်နေဆဲ လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက် အကောင်အထည်ဖော်သွားမည့် လုပ်ငန်းဆိုင်ရာများအပေါ် ရှင်းလင်းပြောကြားကြသည်။ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ မြို့မိမြို့ဖများနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ စုစုပေါင်း ၁၄ ဦးတို့က ၎င်းတို့၏ မြို့နယ်ဒေသများအလိုက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တိုက်ပွဲရှောင် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၄၀၀ နှင့် လေဘေးသင့်ပြည်သူများအတွက် အိ်မ်ရာများပြန်လည်ပြုပြင်နိုင်ရန် ထောက်ပံ့ငွေကျပ် သိန်း ၆၀၀ စုစုပေါင်း ငွေကျပ်သိန်း ၁၀၀၀ ကိုပေးအပ်ရာ ပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းက လက်ခံရယူသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ သက္ကယ်ပြင် (IDP) စခန်းသို့ သွားရောက်ကာ စခန်းရှိ မိသားစုများအား သွားရောက်ကြည့်ရှု အားပေးကြသည်။