လင်းခေး ၊ မတ်လ ၂၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်နိုင်ငံလုံး အကြားအလပ်မရှိ တောင်တန်း မြေပြန့်မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်အတွင်း ၂၀၂၁ -၂၀၂၂ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေဖြင့် ကျောက်လမ်း ၂/၁မိုင်၊ ကွန်ကရစ်လမ်း ၂၈၀၀ပေ၊ ကွန်ကရစ်တံတား ၃စင်း၊ Box Culvert ၂စင်းနှင့် အုတ်ရေကန် ၁ ကန် တည်ဆောက်ခြင်းလုပ်ငန်းများအား စုစုပေါင်း ခွင့်ပြုရန်ပုံငွေ ၅၇၇ ဒဿမ၂၀၈ ကျပ်သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ လင်းခေးမြို့နယ်၊ ဒါးဆိပ်-နောင်လုံ-ဝမ်စစ်-ဟိုက်ကွေ့ လမ်းမကြီးမှ ပန်ကျင်-ဟတ်မိုင်-နောင်ခေါက် ကျေးရွာသွားလမ်း ၃/၇ မိုင်အနက် ၁/၀ မိုင် ကျောက်ခင်းခြင်းလုပ်ငန်း ခွင့်ပြုရန်ပုံငွေ ကျပ် ၁၃၃ ဒဿမ ၄၄၂သန်းဖြင့် ၂−၁၁−၂၀၂၁ရက်နေ့မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ် ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပြီးစီးနိုင်ရေးတို့အတွက် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့် တာဝန်ရှိသူများသည် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ လုပ်ငန်းတစ်ခုလုံး၏ ၁၀၀% ဆောင်ရွက် ပြီးစီးနေပြီ ဖြစ်ပါသည်။
ဖော်ပြပါ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူတို့အတွက် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်လာ၍ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ပြီး အဆိုပါလမ်းအား အဓိကအသုံးပြုကြသည့် ကျေးရွာ ၃ ရွာ၊ အိမ်ထောင်စု ၁၄၇ စု နှင့် လူဦးရေ ၈၂၅ ဦးတို့သည် ဒေသဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို ရရှိခံစားနိုင်တော့မည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းများကိုလည်း လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည် ဖြစ်ပါသောကြောင့် ဝမ်းမြောက်လျက် ရှိကြောင်း သတင်းရရှိပါသည်။