ရှမ်း(တောင်)မှသည် ရှမ်း(အရှေ့)ဆီသို့

နေပြည်တော် - လွိုင်လင် - နမ့်စန် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့လေးသို့ ကျွန်တော်သွားမည်။ သို့သော် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ကျွန်တော် သွားခဲ့သလိုမျိုး ရန်ကုန်မှ ကျိုင်းတုံသို့ လေယာဉ်ဖြင့် ကျိုင်းတုံ - တုံတာ - မိုင်းပျဉ်း - မက်မန်းသို့ မော်တော်ယာဉ်ဖြင့် မဟုတ်တော့ပါ။ လေယာဉ်ခရီးစဉ် မပါတော့ပဲ ကားဖြင့် မက်မန်းသို့အရောက်သွားရန် စဉ်းစားလိုက်ပါသည်။ သို့ဖြစ်၍ ကားမောင်းပြီး လိုက်ပို့ပေးမည့် ကျွန်တော့်မိတ်ဆွေ ဦးအောင်မင်းထွန်းနှင့်အတူ မတ်လ ၂ ရက်နေ့ နံနက် ၇ နာရီအချိန် နေပြည်တော်မှ စတင်ထွက်ခွါလာခဲ့ကြသည်။ သူ၏တပည့် အင်ဂျင်နီယာ ပေါက်စ အညာသားလေးတစ်ယောက်လည်း အတူပါလာ၏။ နေပြည်တော် -တပ်ကုန်း-ရမည်းသင်း - ပျော်ဘွယ်လမ်းခွဲ - ဘုရားငါးဆူ - ယင်းမာပင် - ကလောလမ်းက ကျွန်တော် မကြာမကြာ သွားဖူး နေ၍ ဘာမှထူးထူးခြားခြား မခံစားရ။ ထို့အတူ ကလော- အောင်ပန်း- ဟဲဟိုး- ညောင်ရွှေလမ်းခွဲ- ရွှေညောင်-တောင်ကြီးလမ်းကလည်းရိုးအီ၍နေပါပြီ။ သို့သော်အတူလိုက်ပါလာသောအညာသားလေး က ရှမ်းပြည်ကို လုံးဝမရောက်ဖူးပါ။ သည့်အတွက် ဟဲဟိုး- တောင်လေးလုံးနှင့် ညောင်ရွှေ လမ်းခွဲကြားက ဘဝသံသရာတံတားအနီးမှာ ကားခဏရပ်ပြီး ဓာတ်ပုံရိုက်ပေးလိုက်သည်။ ကိုယ်တွေ က မကြာခဏ ရောက်ဖူးနေ၍ မထူးခြားသော်ငြားလည်း အညာသားအတွက်ကတော့ အမှတ်တရ ဖြစ်သွားပါလိမ့်မည်။ ဓာတ်ပုံရိုက်ရင်း ဆရာကြီး ဦးသုခ၏ ဘဝသံသရာရုပ်ရှင်အကြောင်း၊ ဇာတ်ဝင်တေး အကြောင်း ရှင်းပြလိုက်သည်။ ရွှေညောင်မှာ နေ့လည်စာစားကြ၏။
    တောင်ကြီးမှ ဟိုပုံး၊ ထိုမှ မိုင်းပွန်ကိုဖြတ်ပြီးလျှင် လွိုင်လင်မြို့သို့ ဝင်ပါပြီ။ လွိုင်လင်မှာ နတလ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးရှိသည်။ ဝင်၍ နှုတ်ဆက်ရဦးမည်၊ တောင်သူလယ်သမားနေ့ ရုံးပိတ်ရက်ကြီး ဖြစ်သော်ငြားလည်း ရုံးမှာ တကူးတက စောင့်နေကြပြီး ကျွန်တော့်ကို နှုတ်ဆက် ကြသည်။ ဒုညွှန်မှူး ဦးဟန်ဝင်းအောင်၊ တပည့်မ နွဲ့ယဉ်ဝင်း၊ ပြေခိုင် စသည့်တပည့်များ။ လွိုင်လင် ရုံးမှာ ခဏ ထိုင်စကား ပြောကြရင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံး၊ ကျောက်တန်း၊ ရှမ်းပြည်နယ် တောင်ပိုင်းဒေသများဖြစ်သော ဆနင်း၊ နားတစ်ကျေးရွာ အုပ်စုများ၊ လွိုင်လင်- လဲချား ကားလမ်းပေါ်က နောင်လိုင် ကျေးရွာအုပ်စုများကို ဆက်သွယ်ပေးမည့်လမ်း ဖောက်လုပ်ရေးကိစ္စ စကားစပ်မိကြသည်။ လွိုင်လင်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးက ကွင်းဆင်းလေ့လာထားသည့် ပင်လုံ- ဖက်နမ်- ကျောက်တန်း လမ်းမကြီးနှင့် ဆနင်း- နားတစ်- နောင်လိုင်ကျေးရွာ အုပ်စုချင်းဆက် ၂၅/၀ မိုင် လမ်းဖောက်လုပ်ရေး စီမံချက်ကို ကျွန်တော် ကွက်ကွက်ကွင်းကွင်း မြင်ပါသည်။ အကြောင်းမှာ ကျောက်တန်းမှ ဖက်နမ်အထိ နတလလမ်းဖြစ်ပြီး ဖက်နမ်တံတား တည်ဆောက်ထားသည့်နေရာသို့ ကျွန်တော် သွားရောက်စစ်ဆေး ကြည့်ရှုဖူးပါသည်။ ဖက်နမ်မှ ပင်လုံထိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက တာဝန်ယူ ဖောက်လုပ်ထားသည်။ နောင်လိုင် ဆိုသည်ကလည်း ၁၉၈၁ ခုနှစ်၊ တပ်မ (၅၅) ကွန်မန်ဒိုတပ်ခွဲတွင် တာဝန်ထမ်းဆောင်စဉ် မကြာခဏ လမ်းလုံခြုံရေး ယူပေးရသည့် နေရာ။ ဆနင်း ဆိုသည်ကလည်း ကျွန်တော်တို့ တပ်မ (၅၅)၊ တပ်ရင်း ၃ ရင်းဖြင့် ၁၉၈၃ ခုနှစ်၌ SURA ဌာနချုပ်ကို တိုက်ခိုက်ရှင်းလင်းခဲ့သည့်နေရာ။ သို့ဖြစ်၍ ဖောက်လုပ် ပြီး ဟိုပုံး- ကျောက်တန်း- ဖက်နမ်- ပင်လုံလမ်းသို့ ဆက်သွယ်နိုင်မည့် ၂၅/၀ မိုင်အရှည်ရှိ ထီကဒူး- ဆနင်း- ပန်ဟူ- ဆမ်ဆန်- ခုန်ကောက်- ပါမင့်- နောင်လိုင် လမ်းကို ဖောက်လုပ်နိုင်ပါက ဆနင်း၊ နားတစ်နှင့် နောင်လိုင် ကျေးရွာအုပ်စု ၃ စုအတွင်းရှိ ကျေးရွာပေါင်း ၇၁ ရွာ၊ အိမ်ခြေ ၃၃၉၃ အိမ်၊ လူဦးရေ ၆၂၈၈၃ ဦးတို့၏ ပညာရေး၊ ကျန်းမာရေးမှအစ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။ အငြိမ်းစား ဝန်ထမ်း တစ်ယောက်ဖြစ်နေလင့်ကစား ဒေသဖွံ့ဖြိုးရေးအကြောင်း၊ တိုင်းရင်းသားများအကြောင်း စကားစလာလျှင် တမေ့တမြော ပြောနေမိသည်မှာ လက်ရှိပစ္စက္ခ အခြေအနေများကိုပင် မေ့သွား သည်အထိ ဖြစ်ခဲ့သည်။ ဆင်ခြင်ဦးမှဖြစ်မည်။
    နမ့်စန်မှာ ညအိပ်ရပ်နားသောအခါ ၁၉၉၆ ခုနှစ်၊ ဦးခွန်ဆာ ခေါင်းဆောင်သော MTA လွယ်မော်အဖွဲ့ အကြွင်းမဲ့ လက်နက်စွန့်ချိန် ဟိုမိန်းမြို့လေး၌ ခင်မင်ရင်းနှီးခဲ့သည့် ဦးမဟာကြာ ထံသို့ သွား၍ နှုတ်ဆက်ဖြစ်ခဲ့သည်။ ဟိုမိန်းမြို့က မိတ်ဆွေတွေအကြောင်း မေးဖြစ်ခဲ့၏။ ဦးနော်မိန်းခွမ်း က ကျန်းကျန်းမာမာ ရှိနေသည်။ ဦးရွက်ခေးကတော့ ဆုံးသွားရှာပြီ။ နောင်လုံကန် ရေအားလျှပ်စစ်ဖြင့် ဟိုမိန်းမြို့လေး မီးလင်းတော့မည်ဖြစ်ကြောင်း ကြားရ၍ ဝမ်းသာသည်။ နမ့်စန်မြို့လေးက ဟိုမိန်းသို့ သွားသည့်အခါတိုင်း ဖြတ်သွားရသဖြင့် ကျွန်တော်နှင့် မစိမ်း။ ဆလိမ် န သတ်နှင့် ဆန်သော ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက နမ့်ဆန်၊ စလုံး န သတ် နှင့် စန်သော ရှမ်းပြည်နယ်တောင်ပိုင်းဒေသက နမ့်စန်၊  ဤသို့ ဤပုံ ခွဲခြား မှတ်သားခဲ့ရသည်။
နမ့်စန်- ခိုလမ်- ကွန်ဟိန်း- ကာလိ- တာကော်- မိုင်းပျဉ်း
    သည်လမ်းပိုင်းမှာတော့ ကားပေါ်တွင် ပါလာသည့် အညာသားလေးကဲ့သို့ ကျွန်တော်လည်း တောသားမြို့ရောက် ပုံစံဖြင့် မြင်မြင်လေရာ ပြူးတူးပြဲတဲ လိုက်ကြည့်ရပါတော့သည်။ အကြောင်းမှာ လွန်ခဲ့သည့် ၃၄ နှစ်တာ ကာလ၊ ၁၉၈၈ ခုနှစ်က ယာဉ်တန်းဖြင့် ကျောက်ဆည်မှ ကျိုင်းတုံသို့ နောက်ဆုံး သွားခဲ့ခြင်းဖြစ်သည်။ နတလသို့ ကူးပြောင်း တာဝန်ထမ်းဆောင်သည့် ၁၉၉၅ ခုနှစ် နောက်ပိုင်း ကာလများမှာ ကျိုင်းတုံဆိုလည်း လေယာဉ်၊ တာချီလိတ်ဆိုလည်း လေယာဉ် ဖြင့်သာ သွားခဲ့ရ၏။ သည့်အတွက် သည်ခရီးစဉ်မှာ ခိုလမ်ဆိုလည်း ပြူးတူးပြဲတဲ၊ ကွန်ဟိန်း ဆိုလည်း ပြူးတူးပြဲတဲ၊ ကာလိနှင့် တာကော်တံတားမှာလည်း ဟိုကြည့် သည်ကြည့်၊ သည်လိုနှင့် မိုင်းပျဉ်း သို့သာ ဝင်လာသည်၊ လွန်ခဲ့ သည့် အနှစ် ၃၀ ကျော်က မှတ်မိတာဆို၍ တစ်ခုတလေမျှပင် မရှိတော့၊ လမ်းတွေကတော့ အလွန်ကောင်းသည်။ ခိုလမ်အဝင်၊ အထွက်မှာပဲ အနည်းငယ် ကျဉ်းသယောင်ရှိပြီး ကျန်မြို့ရွာများမှာ တစ်ခါတလေ ၄ လမ်းသွားနီးပါးလောက် အကျယ်ချဲ့ထားကြောင်းတွေ့ရ၏။ ခိုလမ်မြို့အဝင်မှာ ဉာဏ်တော် အမြင့် ၅၇ ပေရှိ ကောင်းမှုလုံစေတီ ပုံစံတူ တစ်ဆူကို ဝင်ရောက် ဖူးမြော်ခဲ့သည်။ ခိုလမ်မြို့ ကားလမ်း ဝဲယာတွင် ပေါက်ပင်များ ရဲရဲနီအောင် ပွင့်နေကြ၍ ခိုလမ်ကို ပေါက်မြို့တော်ဟု စိတ်ထဲမှာ တင်စားခေါ်ဝေါ်မိသည်။ ကွန်းဟိန်းမှာ နတလ မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ရှိနေသောကြောင့် တပည့်များကို ဝင်ရောက် နှုတ်ဆက်ဖြစ်သေး၏။ ကာလိမြို့ အထွက်တွင် အတန်ငယ်မြင့်သော တောင်ကုန်းကြီးများကို မြင်ရသည်မှာတစ်မျိုး တစ်ဘာသာဆန်း နေ၏။ ကျောက်တောင်များပဲ ဖြစ်ပါလိမ့်မည်။ ခရီးအကွာအဝေးများကတော့ လွိုင်လင်မှစ၍ ပြောရလျှင် လွိုင်လင်- နမ့်စန် ၁၆/၀ မိုင်၊ နမ့်စန်- ခိုလမ် ၃၃/၀ မိုင်၊ ခိုလမ်- ကွန်ဟိန်း ၃၄/၀ မိုင်၊ ကွန်ဟိန်း- ကာလိ ၈/၀ မိုင်၊ ကာလိ- တာကော် ၁၉/၀ မိုင်၊ တာကော်- မိုင်းပျဉ်း ၄၇/၂ မိုင် ဖြစ်သောကြောင့် လွိုင်လင်မှ မိုင်းပျဉ်းထိ စုစုပေါင်း ၁၅၇/၂ မိုင် ဖြစ်ပါသည်။
တာကော်တံတားမှာ ခေတ္တနားခဲ့
    ကာလိမြို့လေးမှနေ၍ မိုင်းစံမြို့သို့သွားနိုင်ကြောင်းလည်း လမ်းညွှန်ဆိုင်းဘုတ်ဖြင့် ပြထားကြောင်းတွေ့ခဲ့ရသည်။ ၅၄.၇၁ ကီလိုမီတာဝေးသည် ဆိုထားသောကြောင့် ခန့်မှန်းမိုင်အားဖြင့် ၃၄ မိုင်ခန့်ရှိပါလိမ့်မည်။ မိုင်းစံ သို့ ကျွန်တော်မရောက်ဖူးပါ။ တာကော်တံတားထိပ်သို့ မတ်လ ၃  ရက်နေ့ နံနက် ၁၁ နာရီအချိန် ရောက်ပါသည်။ ဪ …… သံလွင်တံတား(တာကော်)၊ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က ဖြတ်ကူးခဲ့ဖူးသော တာကော်၊ ခုချိန်ထိလည်း နိုင်သမျှဝန်ကို ထမ်းနေတုန်း ပင်။ ကုန်တင်ကားကြီးများ၊ ဘီးတွဲ ယာဉ်ကြီးများကိုမူ ကုန်အပြည့်နှင့် ဖြတ်သန်းခွင့် မပြုတော့ပါ။ ဟိုဘက်ထိပ်၊ သည်ဘက်ထိပ်များ ရပ်ပြီး ကုန်ပစ္စည်းများကို ယာဉ်ငယ်များဖြင့် ကဲ့ယူနေကြသည်ကို တွေ့ခဲ့ရ၏။ ဤအခြေအနေကြောင့်ပဲ ဖြစ်ပါလိမ့်မည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီး ဌာနက တံတားဟောင်းနှင့် ကပ်လျက် မနီးမဝေးနေရာမှာ သံလွင်မြစ်ကူးတံတားသစ်ကြီး တစ်စင်း တည်ဆောက်နေပြီဖြစ်သည်။ တာကော်တံတားမှာ အမှတ်တရဓါတ်ပုံရိုက်ခဲ့၏။ တာကော်တံတား ကြီးအား ၁၉၆၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ တံတားကြီး မရှိသေးမီ သံလွင်အရှေ့ဘက်ကမ်းသို့ ပွန်တွန်းစက်လှေ ၃ စီး ပူးတွဲထားသည့်အပေါ်မှာ ကားများကို တင်ပြီး ကူးရသောကြောင့် တပ်ရင်းတစ်ရင်းလုံး အရှေ့ဘက်ကမ်းသို့ရောက်ဖို့ ၃ ရက်ခန့် ကြာ ကြောင်း လူကြီးတစ်ယောက်က ပြောပြပါသည်။ တာကော်နှင့် မိုင်းပျဉ်းမြို့အကြား ခရီးကမူ တောင်တက် တောင်ဆင်းများသည်။ သံလွင်မြစ်မှ အပေါ်ကို ပြန်တက်ရသည့် သဘောပင်။ ကုန်တင်ယာဉ်ကြီး များကတော့ တဝေါဝေါ တဖြောဖြောနှင့် သွားလာနေကြသည်။ မိုင်းပျဉ်းမြို့မှာ ညအိပ်ရပ်နားခဲ့သည်။
မိုင်းပျဉ်း မှ မက်မန်းသို့
    သည်ခရီးစဉ်ကတော့ ကျွန်တော်နှင့် သိပ်မစိမ်းသေး၊ မစိမ်းဆို ၂၀၁၈ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ တစ်ကြိမ် ရောက်ဖူးထားသည်လေ။ အကွာအဝေးမိုင်အားဖြင့် ၆၈/၀ မိုင်ဝေးပါသည်။ လမ်းတွင် တွေ့ရသော ဝမ်တာခက်တံတားလေးက မိုင်းပျဉ်းမြို့နယ်နှင့် မက်မန်းမြို့နယ်တို့၏ နယ်ခြားစည်းပဲ ဖြစ်၏။ မက်မန်းမြို့နယ်ထဲမှာ ပါဝင်သည့် ဝမ်တာခက်- မက်မန်းလမ်းပိုင်းက ၄၆/၇ မိုင်ဖြစ်သည်။ လမ်းအခြေအနေက ပထမတစ်ခေါက် လာစဉ်ကထက် ပိုကောင်းနေသည်ကို တွေ့ရ၏။ ကတ္တရာ ၁/၂ မိုင်၊ ကျောက်ချောလမ်း ၈/၁ မိုင်၊ ကွန်ကရစ်လမ်း ၂၁/၂ မိုင်၊ အမာခံလမ်း ၁၇/၀ မိုင် ဖြစ်သော ကြောင့် မိုးတွင်းအပါအဝင် ရာသီမရွေးသွားနိုင်သော လမ်းဖြစ်နေပြီ။ လမ်းတာဝန်ခံဖြစ်သော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန AE ဦးမိုင်းနိုင်နေလင်း နှင့် သူ့ဝန်ထမ်းများ၏ မက်မန်း ဒေသအပေါ် ထားရှိသော စေတနာကို မိုင်းပျဉ်း- ဝမ်တာခက်- မက်မန်း ကားလမ်းပေါ်မှာ ကျွန်တော် ရှာဖွေတွေ့ရှိလိုက်ရသည်။ ဦးမိုင်းနိုင်နေလင်းသည် မိမိတို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)၊ အမှတ်စဉ် (၅) ကျောင်းဆင်း ဖြစ်နေသောကြောင့် ဂုဏ်ယူဝမ်းသာဖြစ်ခဲ့ရသည်။ လက်ရှိ မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေသော ဦးထွန်းလင်းအောင် ဆိုလျှင်လည်း ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ကျောင်းမှ အမှတ်စဉ် (၁) ကျောင်းဆင်းဖြစ်သည်။ ထို့အပြင် ပရဟိတ (ကျားကျောင်း) မှ ၁၀ တန်းအောင်သူ ဖြစ်နေသောကြောင့် လေးမျက်နှာ ပရဟိတကျောင်းထွက် ကျွန်တော်နှင့်က ရေစက်လာ၍ ဆုံပြန်ပါ သည်။ ကျွန်တော်တို့ လေးမျက်နှာ ပရဟိတ ဆရာတော်ကြီး ဦးပညာလောကသည် ကျားကျောင်း ပရဟိတ ဆရာတော်ကြီးနှင့် အလွန် ရင်းနှီးပါသည်။ သည့်ထက် ပို၍ရေစက်ဆုံသည်ကတော့ “ဝ”တိုင်းရင်းသားဖြစ်သည့် သူ့ဖခင်သည် တန့်ယန်း ခလရ ၃၃ ရဲညွှန့် တပ်ခွဲတွင် နေထိုင် ပညာသင်ယူဖူးသူဖြစ်နေခြင်းပင်။ ဒီဂရီကောလိပ် ကျောင်းဆင်း ညီအစ်ကိုများ မက်မန်းမြို့လေးမှာ လာဆုံကြပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲညီညီ ဆောင်ရွက်နေသည်ကို ဝမ်းမြောက်ဖွယ် တွေ့မြင်ခဲ့ရ၏။ ဝမ်တာခက်တံတားမှ မက်မန်းအကြားမှာ တောင်အတက် အဆင်း ၃ နေရာရှိသည်။ ဆွတ်ဝိုး အတက်၊ နမ့်တော် အတက်၊ မငေါက် အတက် ဆိုသည့် ၃ နေရာဖြစ်သည်။ မည်၍ မည်မျှပင် မြင့်မားသည် ဆိုစေကာမူ အတက်အဆင်း ပြေပြစ်စေရန် ကွန်ကရစ်ခင်းပေးထားသောကြောင့် အဆင်ပြေပြေ မောင်းနှင် နိုင်ပါသည်။
ဆွတ်ဝိုးဆေးရုံသို့ ဝင်ရောက်နှုတ်ဆက်
    ဆွတ်ဝိုးဆေးရုံသည် မက်မန်းဆေးရုံနှင့်အတူ ၁၉၈၉ ခုနှစ်၊ နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ စတင် ဆောင်ရွက်ပေးကတည်းက နတလမှ ဖွင့်ပေးထားသော ဆေးရုံဖြစ်သည်။ ယခင် တစ်ခေါက် ကလည်း ဝင်ရောက်နှုတ်ဆက်ရင်း သူနာပြုဆရာမလေး နှစ်ဦးအား စာအုပ်လက်ဆောင်များ ပေးခဲ့ သည်။ ထိုစဉ်က ပြည်နယ်ခွဲဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ကျိုင်းတုံ)မှ ဦးအေးကိုက စားသောက်ဖွယ်ရာ များ လက်ဆောင်ပေးသည်။ ယခုတစ်ကြိမ်မှာ သူတို့မရှိတော့၊ မြမြင့်မိုရ်စိုး ဟုခေါ်သည့် သူနာပြု ဆရာမလေးကို တွေ့ခဲ့ရသည်။ သူ့ဖခင်က ကျွန်တော်နှင့် နာမည် လာတူနေသေးသည်၊ ဦးမြင့်စိုး ဟူ၍။ ဆွတ်ဝိုး မှ တက်လာပြီး အောင်သံလွင်ကျေးရွာသို့အရောက် ကောင်းကေး- ရောင်အူကြီး လမ်းခွဲကို မြင်ရ၍ လှမ်းမျှော်ကြည့်လိုက်သေးသည်။ နမ့်ဟာနူးရွာ မရောက်မီလေးမှာ ဝိန်းနောင် လမ်းခွဲကို တွေ့ရသည်။ ဝိန်းနောင်လမ်းသည် သံလွင်ကူးတို့ဆိပ်ထိ ပေါက်နေပြီဖြစ်၍ ဒေသခံများ ကား၊ ဆိုင်ကယ် တို့ဖြင့် သွားလာနေကြပြီဖြစ်၏။ မိုင်းပျဉ်းမှာ နံနက်စာစားပြီး ထွက်လာသော ကျွန်တော်တို့အဖွဲ့ မက်မန်းမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်လေးနားကို နံနက် ၁၁ နာရီ ၄၅ မိနစ်မှာ ရောက်လာပါတော့သည်။ မိုင်းပျဉ်းမှ မက်မန်း ခရီးကိုမူ မက်မန်းမြို့က မိတ်ဆွေ ဦးမိုးခိုင်၏ ကားနှင့် ထွက်ခွါလာခြင်းဖြစ်၏။ ဦးမိုးခိုင် ဟု နာမည်ရင်း ရှိသော်လည်း မည်သူကမျှ မခေါ်ဝေါ်ပါ။ ကိုဗလ ဟူ၍ပဲ ခေါ်နေကြသည်။ လူကသေးသေး ညှက်ညှက်လေးမို့ ငယ်စဉ်ကတည်းက ခေါ်တွင်လာကြ သည့် Nick Name ဖြစ်ပါလိမ့်မည်။ သူကိုယ်တိုင် ကားမောင်းရင်း ကျွန်တော် သိလိုသမျှ မေးသမျှကို လည်း စိတ်ရှည်လက်ရှည် ဖြေကြားပေးသေး၏။ မက်မန်းတစ်ခွင်မှာ သစ်ပင်သစ်တောတွေ ထူထူထပ်ထပ်ရှိစဉ်က နွေရာသီဆိုတာ မရှိတော့ပဲ မိုးနှင့် ဆောင်းရာသီ ၂ မျိုးသာ ရှိခဲ့ဖူးကြောင်း ပြောတာကိုတော့ဖြင့် ကျွန်တော်နားထဲမှာရော ရင်ထဲမှာပါ စွဲသွားပါတော့သည်။
ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ
    ကိုဗလ၏အိမ်မှာ အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များက လာရောက် စောင့်ကြိုနေသည်။ သူတို့နှင့်အတူ နေ့လည်စာ စားသည်။ ပြီးလျှင် မက်မန်း အထက ကျောင်းသို့ သွားကြမည်။ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံရန် မွန်းလွဲ ၁ နာရီမှာ စီစဉ်ထားကြောင်း သိရ၏။ ယခု တစ်ခေါက် ကျွန်တော် မက်မန်းသို့ သွားရောက်ရခြင်း အဓိကရည်ရွယ်ချက်မှာလည်း မက်မန်း အထက ကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးမည်၊ ဒုတိယအနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန အောက်မှာ ဖွင့်ထားသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) နှင့် (စစ်ကိုင်း) ကျောင်းများအကြောင်း ရှင်းလင်းဟောပြောမည်၊ ကျောင်းအတွက် ထိုတက္ကသိုလ်၊ ဒီဂရီကောလိပ် များက ထုတ်ဝေသည့် နှစ်လည်မဂ္ဂဇင်း စာအုပ်များ လှူမည်၊ မက်မန်း ပြန်/ဆက်ရုံးကို လှူရန် သုတ၊ ရသ စာအုပ်များ ကိုလည်း သယ်ယူလာခဲ့သေး၏။ ကျွန်တော်တို့အဖွဲ့ကို မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်သန်းထွေးခင်၊ မက်မန်း အထက ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်နှင့် ဆရာ၊ ဆရာမများက ကြိုဆိုပါသည်။ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းမှ ၄၆ ဦး၊ ပြင်ပဖြေ ၁၇ ဦး၊ စုစုပေါင်း ၆၃ ဦး တက်ရောက်နားထောင်ကြသည်။ စာမေးပွဲဖြေဆိုမည့်အထဲတွင် ကိုရင်များပါ ပါဝင် နေသဖြင့် ပြောမှား ဆိုမှား ငရဲမကြီးအောင် သတိထား၍ ပြောရဟောရသေး၏။ အပင်ပန်းခံ၍ လာရကျိုး၊ ပြောရကျိုးနပ်ပါသည်။ အားလုံးက စိတ်ဝင်တစား နားထောင်မှတ်သားကြကြောင်း တွေ့ရသည်။
အဘယကုန်းတော်သို့ ရောက်ရှိ
    မြို့နယ်အုပ်ချုပ်ရေးမှူး ကိုထွန်းလင်းအောင် က အောင်တော်မူလာဘမုနိရုပ်ပွားတော်မြတ်ကြီး တည်ထားမည့် မက်မန်းမြို့ အရှေ့တောင်ဘက်ရှိ အဘယကုန်းတော်သို့ လိုက်လံပြသပေးသည်။ မက်မန်းမြို့ ထေရဝါဒဗုဒ္ဓသာသနာပြု ပညာဒီပ ဘုန်းတော်ကြီးစာသင်တိုက်မှ ပဓာနနာယက ဆရာတော်ကြီး မဟာသဒ္ဒမ္မဇောတိကဓဇ၊ ဘဒ္ဒန္တစန္ဒာသီရိ ထံမှ ဩဝါဒခံယူ၍ ဉာဏ်တော် ၄၅ ပေရှိ ရုပ်ပွားတော်ကြီးကို တည်ထားမည်ဖြစ်သည်။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ၏ မက်မန်းဒေသခရီးစဉ်၌ ပညာဒီပကျောင်းမှ ရဟန်း၊ ကိုရင်၊ ကျောင်းသားများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာ ၄ မယ်ကို လစဉ် ထောက်ပံ့လှူဒါန်း ပေးထားကြောင်း သိရသည်။ ကိုထွန်းလင်းအောင် တို့ ထွေအုပ်အဖွဲ့မှ ဦးဆောင်၍ ၂၀၂၁ ခုနှစ်တွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၃၆ ကျောင်းမှ သံဃာတော် ၅၁၅ ပါးအား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းနိုင်ခဲ့၍ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ရပါသည်။ မတ်လ ၄ ရက်နေ့ ညနေပိုင်းမှာ မင်းရန်အောင်စေတီကို သွားရောက်ဖူးမြော်ပြီး၊ မက်မန်းပြည်သူ့ဆေးရုံသို့ ရောက်ခဲ့သည်။ ထို့နောက် ရပ်ကွက် ၁ နှင့် ၂ မှ လူနေအိမ်ခြေများကို လိုက်လံကြည့်ရှုခဲ့သည်။ မက်မန်းကား ရှေးယခင်က မက်မန်း မဟုတ်တော့ပြီတည်း။
ပြောင်းလဲတိုးတက်လာသော မက်မန်း
    အမျိုးသမီးသူကြီး ဒေါ်နန်းဖောင် ဩဇာညောင်းခဲ့သော မော်ဖဒေသနှင့် မက်မန်းကျေးရွာ၊ အိမ်ခြေ ၄၊ ၅၊ ၁၀ အိမ်မှ အစပြု၍ မြို့ဖြစ်လာခဲ့သော မက်မန်းကျေးရွာ၊ ၁၉၉၁ ခုနှစ်မှာ မြို့သစ် တည်ခဲ့သည့် မက်မန်းကျေးရွာ၊ ယခုဆိုလျှင် အိမ်ခြေ ၇၇ အိမ်၊ လူဦးရေ ၅၀၀ ကျော်၊ ကိုယ်ပိုင် အိမ်စီးကား ၂၀ ကျော်၊ စတိုးဆိုင် ၁၀ ဆိုင်၊ ကုန်မာဆိုင် ၁၈ ဆိုင်၊ လက်ဖက်ရည်ဆိုင် ၁ ဆိုင်နှင့် သာသာယာယာ တွေ့ခဲ့ရသည်။ မြို့နယ်အဆင့်၊ ခရိုင်အဆင့် ဝန်ထမ်းမြို့လေးဖြစ်နေ၍ ရုံးကားတွေ ကလည်း တိုးလာသည်။ ရှေးယခင် ကာလတုန်းက မိုင်းပျဉ်းသို့ တစ်ပတ်၊ ဆယ်ရက် လမ်းလျှောက် ရသည့် ဒုက္ခတွေမရှိတော့ပါ။ ၂၀၀၅-၂၀၀၆ နှစ်တွေအထိ လယ်ထွန်စက်နှင့် ရိက္ခာတွေ၊ စားစရာတွေ သယ်ယူနေရသော မက်မန်း မဟုတ်တော့ပါ။ နတလက မြို့ပတ်လမ်း ဖောက်ပေးထားသည့် နေရာ မှာ ခရိုင်ရုံးတွေ၊ မြို့နယ်ရုံးတွေ အသစ် ဆောက်နေပြီ။ ဝန်ထမ်းနေအိမ်တွေပါ စုပေါင်းကာ ရပ်ကွက် (၃) ဖြစ်လာမည့် သဘောပင်။ ဖြစ်နိုင်မည့် မြေနေရာမှာ ဘောလုံးကွင်း တစ်ကွင်း ဖောက်ထားတာ တွေ့ရ၍ အံ့ဩရသည်။ နောင်သောအခါ အဘယဘုရားကုန်းအခြေမှာ အိမ်တွေ တိုးလာဖို့ရှိကြောင်း၊ ဘာသာသာသနာ ထွန်းကားပြန့်ပွားအောင် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကိုထွန်းလင်းအောင် က ရှင်းပြသည်။ မော်ဖဆိုသည်မှာ ရှမ်းဘာသာအားဖြင့် ဓားကောင်းလုပ်ရန် ပန်းပဲဖိုများရှိသည့် အရပ် ဒေသ ဟု အဓိပ္ပါယ်ကောက်ယူနိုင်သလို လွေလဘာသာစကား အရမူ မော်ဖသည် မော်ဖရာ မှ ဆင်းသက်လာကြောင်း၊ ဘာသာ သာသနာ စတင်ထွန်းကားလာမည့် အရပ်ဒေသအဖြစ် မှတ်ယူရမှာ ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
လွမ်းမောစွာ နှုတ်ဆက်ခဲ့သည်
    မတ်လ ၅ ရက် နံနက်ပိုင်းမှာ မက်မန်းမြို့လေးမှ ပြန်လည် ထွက်ခွာခဲ့ပါသည်။ အောင်သံလွင် ကျေးရွာသို့ ရောက်သည်အထိ မက်မန်းမြို့လေးရှိရာသို့ သမင်လည်ပြန် ငေးကြည့်ရဆဲ၊ မြင်နေရဆဲ၊ တဖြည်းဖြည်း ဝေး၍ ကျန်ခဲ့သည်။ နောက်တစ်ကြိမ် ရောက်ဖို့ဆိုတာကတော့ မသေချာတော့ပြီ။ နှုတ်ဆက်ခဲ့ပါတယ် ချစ်သော မက်မန်းရေ . . . . ။ ကလေးတွေလည်း စာမေးပွဲ အောင်မြင်ကြပါစေ။

 

မြင့်စိုး(နတလ)

Post Paragraph