
ပခုက္ကူ၊ အသိပညာပေး
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးအသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို ဇူလိုင် ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဦးစီးမှူးက မုန်တိုင်း၊ မီး၊ ငလျင်၊ မိုးကြိုးနှင့် ရေစသည့် သဘာဝဘေးအန္တရာယ်အကြောင်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် ကာကွယ်ရေး နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ပခုက္ကူမြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးက မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်လုပ်ငန်း တာဝန်များ မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းများနှင့် မီးဘေးလုံခြုံရေးအကြောင်းများ၊ အရေးပေါ် မီးဘေးအန္တရာယ်နှင့် ကြုံတွေ့ လာပါက ကနဦးဆောင်ရွက်ရမည့် အချက်များ၊ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေကြသည်။
အခမ်းအနားတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက မုန်တိုင်းနှင့် ငလျင်ဘေးအန္တရာယ်များမှ ကင်းဝေးစေရေး သရုပ်ပြသခြင်း၊ မြို့နယ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဗူးဖြင့် ငြိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်မီးငြိမ်းသတ်နည်းတို့ကို သရုပ်ပြသခြင်းများ ပြုလုပ်ကြပြီး ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ဆောင်ရွက်ကြစေကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)