သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြခြင်းများ ဆောင်ရွက်

ရန်ကုန်  မတ်လ ၂၂ ရက်  
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းရှိ ဝန်ထမ်းများနှင့် ဘဏ္ဍာရေးစည်းမျဉ်း အထူးသင်တန်းအမှတ်စဉ်(၃၁)၊ ပစ္စည်းထိန်း သင်တန်းအမှတ်စဉ် (၈) သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၃၇ ဦးတို့အား အချိန်နှင့် နေရာမရွေး ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက ကာကွယ်တားဆီး စီမံခန့်ခွဲနိုင်ရေးအတွက် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ နံနက် ၀၈:၀၀ နာရီအချိန်တွင် ဗဟိုလေ့ကျင့်ရေး ကျောင်း၊ ခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အညီ ကျင်းပပြုလုပ်သည်။ 
    အဆိုပါ ဟောပြောပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစံကုန်း ဦးဆောင်၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ကြက်ခြေနီအသင်းခွဲ မြို့နယ်တပ်ဖွဲ့မှူးတို့နှင့်အတူ သဘာဝ ဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်တားဆီးရေးနှင့် ဘေးအန္တရာယ် ဖြစ်ပေါ်ကြုံတွေ့ရပါက ကြိုတင်ကာကွယ်ရေး၊ အရေးပေါ် ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားသော ဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများမှ သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းများ သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။