
ပြည်သူက တစ်ခဲနက်ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရ၏ သက်တမ်းမှာ သုံးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ သုံးနှစ်တာကာလအတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ကာ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သည့် ပြည်သူ့အစိုးရ၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများမှာ အားလုံးကောင်းမွန် အောင်မြင်ပါသည်ဟူ၍ မဆိုနိုင်သေးသည့်တိုင် သိသာထင်ရှားစွာ မြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ မမြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့် ရုန်းကန်နေရဆဲလုပ်ငန်းစဉ်များ ဟူ၍တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ တတိယ (၁) နှစ်တာ ကာလအတွင်း ပြည်သူများအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မှတ်တမ်းပြုတင်ပြအပ်ပါကြောင်း။
တောတောင်ထူထပ်ခြင်းနှင့် မြစ်ချောင်းများ ပေါများခြင်းတို့ကြောင့် နယ်စပ်ဒေသများသည် သွားလာရခက်ခဲခြင်း၊ နယ်မြေကျယ်ပြန့်၍ လူဦးရေသိပ်သည်းဆ နည်းပါးခြင်း၊ ဘာသာစကား ဓလေ့ထုံးစံများ ကွဲပြားခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့တော်များနှင့် ကူးလူးဆက်သွယ် သွားလာရန် ခက်ခဲခြင်းစသောဝိသေသများနှင့် တည်ရှိနေသည်။ ထိုသို့သော အကြောင်းခြင်းရာများကြောင့် ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးရေးကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ကျကျန်ခဲ့ရသဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြည်နယ်ပြည်မ အကြားအလပ်မရှိရေးအတွက် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ပေးရန်ဟူသော မဟာဗျူဟာအရ နယ်စပ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
▲စီမံကိန်းများရေးဆွဲ▲
နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတွင် နေထိုင်သော ပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုသည့် အဓိက မူဝါဒ (၄)ရပ် ချမှတ်ပြီး နှစ်ရှည်၊ နှစ်လတ် စီမံကိန်းများ ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝနှင့် လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် လမ်း၊ တံတားများ တည်ဆောက်ခြင်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် ဒေသလိုအပ်ချက်များကို ထောက်ပံ့ပေးခြင်း၊ နယ်စပ်ဒေသများ မီးလင်းရေးအတွက် လျှပ်စစ်မီး၊ ဆိုလာမီးနှင့် အင်ဂျင်မီး စီစဉ်ဆောင်ရွက်ပေးခြင်း၊ နယ်စပ်ဒေသရှိ IDPs များ၊ အလင်းဝင်များနှင့် ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအတွက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်း၊ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ခြင်းတို့ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းများကို အဓိကအားဖြင့် နယ်စပ်မျဉ်းနှင့် ထိစပ်နေသည့် ပြည်နယ်ခုနစ်ခု၊ တိုင်းဒေသကြီးနှစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်း ခြောက်ခုမှ မြို့နယ် ၁၆၇ မြို့နယ်ရှိ ကျေးရွာပေါင်း ၃၀၀၀၀ ကျော်တွင် မြေလမ်း ၆၀၈ မိုင်၊ကျောက်လမ်း ၃၁၉ မိုင်၊ ကတ္တရာ လမ်း ၄၃ မိုင်၊ ကွန်ကရစ်လမ်း သုံးမိုင်၊ ကွန်ကရစ်ရေကျော် သုံးစင်း၊ မြေထိန်းနံရံ ၁၉ခု၊ လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ၁၅ မိုင်၊ တံတား အကြီး၊ အလတ်နှင့် အငယ် ၁၉၁ စင်း၊ Box Culvert ၁၈၃ စင်း၊ ရဟတ်ယာဉ်ကွင်း ၁၅ ကွင်း၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း ၂၉ ကျောင်း၊ ဆေးရုံတစ်ရုံနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ သုံးခု၊ ဆည်သုံးဆည်၊ စိုက်ပျိုးရေသွယ်ယူခြင်း သုံးမိုင်၊ သောက်သုံးရေ ရရှိရေးလုပ်ငန်း ၃၀၊ ကျေးရွာအရောက် စိမ့်စမ်းရေသွယ်ယူခြင်း ၉၉ မိုင်၊ အဝီစိတွင်း ၃၀၊ မြေသား ရေကန် ၁၃၈ ကန်၊ အုတ်ရေကန် ၈၄ ကန်၊ အုတ်စီရေတွင်း သုံးတွင်း၊ ရေတံ လျှောက်နှင့် ဖိုင်ဘာရေတိုင်ကီ အလုံး၇၀၀၊ ရေအားလျှပ်စစ်လုပ်ငန်း ရှစ်ခု၊ လျှပ်စစ်မီးသွယ်တန်းခြင်း ၃၁ မိုင်၊ ဆိုလာမီးလင်းရေး ၁၇၃၅ စုံ၊ ထရန်စဖော်မာ နှစ်လုံး၊ တန်ဖိုးနည်းအိမ်ရာ ၃၃၁ လုံးနှင့် ဝန်ထမ်းအိမ်ရာ ၁၄ လုံးတို့ကို အစိုးရ၏ တတိယ (၁) နှစ်တာအတွင်း ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည်။
▲အိပ်မက်လမ်း သို့မဟုတ် မဂွေဇ - ခေါင်လန်ဖူးလမ်း▲
ထို့ပြင် နယ်စပ်ဒေသများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းသည်နှင့် အမျှဖွံ့ ဖြိုးမှုများ နောက်ကျသည့်အတွက် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိရာ မဂွေဇ - ခေါင်လန်ဖူး လမ်းကိုဖောက်လုပ်လျက်ရှိသည်။
မဂွေဇ-ခေါင်လန်ဖူးလမ်းသည် ဒေသခံတိုင်းရင်းသားများအတွက် အိပ်မက်လမ်းဟု တင်စားရမည် ဖြစ်သည်။ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း မြင့်မားမတ်စောက်သည့် တောင်တန်းများတည်ရှိရာ ခေါင်လန်ဖူးဒေသသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး သွားလာရ အခက်အခဲဆုံးဒေသ ဖြစ်သည်။ ရာသီဥတု ကြမ်းတမ်းသော်လည်း ရေမြေတောတောင် အလှအပများက သဘာဝအတိုင်း တည်ရှိနေသည်။
ယခင်က မဂွေဇမ ှခေါင်လန်ဖူးအထိ ၆၅ မိုင် ၄ ဖာလုံ ခရီးလမ်းသည် ရှန်ငေါတောင်တန်းကို ဖြတ်ကျော်ပြီး နှစ်ပတ်နီးပါး ခြေကျင်ခရီး သွားလာကြသည့်အပြင် လမ်းပန်းဆက်သွယ်ရေးနှင့် ရာသီဥတုကြမ်းတမ်းမှုကြောင့် ဒေသခံတိုင်းရင်းသားများအပါအဝင် နိုင်ငံ့ဝန်ထမ်းများသည် ခရီးသွားရင်း လမ်းပေါ်၌ အသက်ဆုံးရှုံးခဲ့ရမှုများ ရှိခဲ့သည်။
စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို လား၊ မြင်းများနှင့် အချိန်ကြာမြင့်စွာ သယ်ယူရသည့်အတွက် ကုန်ကျစရိတ်ကြီးမားပြီး ကုန်ဈေးနှုန်းမှာ အဆမတန်ဖြစ်ခဲ့ရသည့်အပြင် စားနပ်ရိက္ခာ မကြာခဏ ပြတ်တောက်မှုများ ကြုံတွေ့ရသည့်အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် စားနပ်ရိက္ခာများ နှစ်စဉ်ထောက်ပံ့ပေးနေရသည့် ဒေသလည်း ဖြစ်သည်။
▲ရာသီမရွေးလမ်း▲
ထို့ကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရေး၊ စားဝတ်နေရေး၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့၏ လမ်းညွှန်မှုနှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန၊ တပ်မတော်စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းနှင့် ရဝမ်ဌာနေ ပြည်သူ့စစ်တို့ ပူးပေါင်းပြီး အထူးကိစ္စတစ်ရပ် အနေဖြင့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှစတင်ကာ လေးနှစ်စီမံကိန်းနှင့် မဂွေဇ-ခေါင်လန်ဖူးလမ်း (၆၅ မိုင် ၄ ဖာလုံ)ကို ရာသီမရွေး သွားလာနိုင်သည့်လမ်းအဖြစ် စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။
ယခုကဲ့သို့ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင် အခက်အခဲပေါင်းများစွာရှိခဲ့ရာ လုပ်ငန်းစတင်ရန် ကွင်းဆင်းတိုင်းတာစဉ်ကပင် ဆိုးရွားသည့် ရာသီဥတုဒဏ်၊ ခက်ခဲသည့် လမ်းပန်းဆက်သွယ်ရေးနှင့် ကြမ်းတမ်းသည့် သဘာဝပတ်ဝန်းကျင် အခြေအနေများကို ကြုံတွေ့ရင်ဆိုင်ခဲ့ရသည်။
မြစ်ကြီးနား-ပူတာအို-မဂွေဇလမ်းတစ်လျှောက် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်/ယာဉ်/ ယန္တရားပစ္စည်းများ၊ ရိက္ခာများ သယ်ဆောင်ရာတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် လုံခြုံရေးကန့်သတ်ချက်များကို ကြုံတွေ့ခဲ့ရသည်။ ခေါင်လန်ဖူးဒေသသည် တစ်နှစ်ပတ်လုံး မိုးရွာသွန်းပြီး ဆောင်းတွင်းတွင် ရေခဲသည်အထိ အအေးလွန်ကဲသည့်အတွက် လုပ်ငန်းဆောင်ရွက်နိုင်ချိန် နည်းပါးခြင်း၊ တောင်ကျချောင်းများနှင့် မတ်စောက်သော ချောက်ကမ်းပါးများ ပေါများခြင်း၊ မာကျောသည့် ကျောက်ဆောင်များကို မိုင်းခွဲရှင်းလင်း ဖောက်လုပ်ရခြင်းတို့ကြောင့် လုပ်ငန်းဆောင်ရွက်ချိန် ပိုမိုလိုအပ်ခြင်း၊ လုပ်ငန်းခွင်အန္တရာယ် များပြားခြင်း၊ လုပ်ငန်းခွင်စားနပ်ရိက္ခာ ရှားပါးခြင်း စသည့် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားကာ ကြိုးစားဖောက်လုပ်ခဲ့ရသည့် လမ်းတစ်လမ်းဖြစ်ပြီး ကျောက်တောင်များစွာကို မိုင်းအဆင့်ဆင့်ခွဲ၊ ယန္တရားမျိုးစုံ အသုံးပြုဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ယမ်းနှင့်စက်သုံးဆီများကို ရာသီဥတုကန့်သတ်ချက်၊ လမ်းပန်းဆက်သွယ်ရေး ကန့်သတ်ချက်များအရ ရဟတ်ယာဉ်ဖြင့် အခက်အခဲများကြားမှ တပ်မတော်နှင့် ရဝမ်ဌာနေ ပြည်သူ့စစ်တို့၏ပူးပေါင်းကူညီမှု၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ကြိုးပမ်းအားထုတ်မှုရလဒ်အဖြစ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် မဂွေဇ-ခေါင်လန်ဖူး လမ်းလုပ်ငန်းစီမံကိန်း၏ မဂွေဇ-ဆန်းလွတ်ချက် တောင်ထိပ် (၃၃/၆)မိုင် လမ်းပိုင်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်တက်ရောက်ပြီး ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းသည် ဝန်ကြီးဌာန၏ အောင်မြင်မှုတစ်ခုဟု ဆိုရမည်ဖြစ်သည်။
ကျန်ရှိနေသည့် မြေသားလမ်း မိုင်(၃၀) (၄)ဖာလုံ၊ ကျောက်လမ်း မိုင်(၄၀)(၄) ဖာလုံ၊ တံတား ၁၅ စင်း၊ Box Culvert၁၉၁ စင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး မေခမြစ်ကူး ဖောင်တစ်ခုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အပြီး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။ ကားလမ်း ၅၂ မိုင်နှင့် ဆိုင်ကယ်လမ်း ၁၃ မိုင် ၄ ဖာလုံ ပြီးစီးပါက ကားလမ်းတစ်ဝက် ဆိုင်ကယ်လမ်းတစ်ပိုင်းဖြင့် မဂွေဇ - ခေါင်လန်ဖူးလမ်းကို နေ့ချင်းပြန်သွားလာနိုင်မည် ဖြစ်သည်။ ဆန်းလွတ်ချက်မှ ရီဒမ်းအထိ ၁၀ မိုင် ၂ ဖာလုံ ကို ဆက်လက် ဖောက်လုပ်နေပြီး မကြာမီ မေခမြစ်အထိ ရောက်ရှိ မည်ဖြစ်ကြောင်း သိရသည်။
အလားတူ မေခမြစ်တစ်ဖက်ကမ်း ရီဒမ်းမှခေါင်လန်ဖူးအထိ လမ်းဖောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စက်ယန္တရားများနှင့် စက်သုံးဆီများကို တပ်မတော် ရဟတ်ယာဉ်ဖြင့် ပူတာအိုမှ ခေါင်လန်ဖူးသို့ ပို့ဆောင်ပေးပြီး ဆက်လက်ဖောက်လုပ်လျက်ရှိသည်။
▲ရေခဲတောင်တန်းများ▲
ထို့ပြင် လမ်းပန်းဆက်သွယ်မှု အခက်ခဲဆုံးဒေသတွင် ပါဝင်သည့် ပန်နန်းဒင်မြို့သည် မြန်မာ နိုင်ငံ၏ မြောက်ဘက်ဆုံးမြို့ဖြစ်ပြီးယခင်က မြို့နယ်ခွဲရုံးစိုက်ရာမြို့ ဖြစ်သည့်အပြင် ဧရာဝတီမြစ်၏ ရေဝေရေလဲ ဒေသဖြစ်၍ ဇီဝမျိုးစုံမျိုးကွဲများ အလွန်ပေါကြွယ်ဝသည်။
ခါကာဘိုရာ ဇီတောင်အပါအဝင်ရေခဲ တောင်တန်းများသည် တစ်နှစ်ပတ်လုံး ရေခဲနေပြီး ထူးခြားသော ဂေဟစနစ်များရှိသည့် ဒေသဖြစ်သည်။ နောင်မွန်မြို့နယ် ပန်နန်းဒင်အပါအဝင် ငါဝါ၊ ဂဝိုင်၊ ဒုံဇုံ၊ တဆူထု၊ တလာထု၊ ခရောင်နှင့် ဒဟွမ်ဒမ်း ကျေးရွာများသည် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်နယ်မြေ အတွင်းပါဝင်၍ အစွန်အဖျားဒေသများ ဖြစ်သည်နှင့်အညီ ခြေကျင်လမ်းသာရှိပြီး ဖွံ့ ဖြိုးတိုးတက်မှု များစွာနောက်ကျနေသည့်ဒေသများ ဖြစ်သည်။
▲သဘာဝအခြေခံ ခရီးသွားလုပ်ငန်း▲
ထို့ကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည့် ပန်နန်းဒင်-ငါဝါ-ဂဝိုင်- ဒုံဇုံ - တဆူထု - တလာထု - ခရောင် - ဒဟွမ်ဒမ်းလမ်း ၆၃ မိုင်ကို ယခုဘဏ္ဍာနှစ်မှစတင်ကာ မြေသားလမ်း စတင်ဖောက်လုပ်နေပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပါက ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ခြင်းနှင့်အတူ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း တိုးတက်လာမည်ဖြစ်သည်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာအုပ်စု ရေရရှိရေးစီမံကိန်းသည် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ထူးထူးခြားခြား ဆောင်ရွက်ပေးနိုင်ခဲ့သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ပန်ပက်ကျေးရွာအုပ်စု လွိကထိကျေးရွာအနီး ပေ ၁၀ဝ အနက်ရှိ မြေအောက်ဂူ ရေထွက်မှ ရေစုပ်ပန့်များနှင့် Ground Tankသို့ ရေစုပ်တင်ကာ တောင်အမြင့်တွင်ရှိသော ရေစုကန်များသို့ တွန်းတင်သည့် စနစ်နှင့် ရေတင်ပြီး ၎င်းမှ တစ်ဆင့် Gravity System ဖြင့် ကျေးရွာပေါင်း ခုနစ်ရွာသို့ သောက်သုံးရေများကို ဖြန့်ဝေပေးလျက် ရှိသည်။
▲အကျိုးရှိသည့်ရလဒ်▲
ဒုတိယအဆင့် ထပ်တွန်းစက်ရုံများဖြင့် တောင်ထိပ်များသို့ ထပ်မံရေတင်ပြီး ကျေးရွာ ငါးရွာသို့ ဆက်လက်ဖြန့်ဖြူးပေးကာ တတိယအဆင့် ထပ်တွန်းစက်ရုံများဖြင့် တောင်ထိပ်များသို့ ထပ်မံရေတင်ပြီး ကျေးရွာငါးရွာကို ဆက်လက် ဖြန့်ဝေပေးလျက်ရှိရာ ဧရိယာစတုရန်းမိုင် ၅၀ အတွင်းရှိ ကျေးရွာပေါင်း ၁၇ ရွာသို့ သန့်ရှင်းသော သောက်သုံးရေနှင့် စိုက်ပျိုးရေများကို ဖြန့်ဝေပေးနိုင်ခဲ့သည်။
ရေရရှိရေး စီမံကိန်းအတွက် ဆက်စပ်လုပ်ငန်းများဖြစ်သည့် ပင်မရေပိုက်လိုင်းနှင့် ရေဖြန့်ဝေ ပိုက်လိုင်း ၁၃ မိုင် ၅ ဖာလုံ သွယ်တန်းခြင်း၊ ရေကန် ၃၈ လုံး တည်ဆောက်ခြင်း၊ ရေစုပ်ပန့်၊ ရေတင်ပန့်၊ ရေစက်ရုံနှင့် ရေတားတမံများ တည်ဆောက်ခြင်း၊ ၁၀၀ KVA ထရန်စဖော်မာနှင့် ၅၀ KVA ထရန်စဖော်မာများ တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ဒေသခံများအတွက် ထိရောက်ကောင်းမွန် အကျိုးရှိသည့် ရလဒ်တစ်ခု ဖြစ်သည်။
▲ပူးပေါင်းဆောင်ရွက်▲
နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းနှစ်ခု၊ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုစီမံကိန်း ၁၁ ခုရှိပြီး ယင်းစီမံကိန်းများအနက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်းစီမံကိန်း (Education for Peace and Development-EPD) ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့) တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ စီမံကိန်းကို ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ၂၀၀၂ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအဆင့်လိုက် ပထမအဆင့် ၂၀၀၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ စာသင်ကျောင်း ၁၀ဝ တည်ဆောက်ခြင်းနှင့် စာသင်ကျောင်း ၁၀ ကျောင်း ပြုပြင်ခြင်း၊ ဒုတိယအဆင့် ၂၀၀၇ ခုနှစ်မှ၂၀၁၂ ခုနှစ်အထိ စာသင်ကျောင်း ၁၀၀ တည်ဆောက်ခြင်းနှင့် စာသင်ကျောင်း ၃၂ ကျောင်းပြုပြင်ခြင်း၊ တတိယအဆင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ စာသင်ကျောင်း ၁၀၀ ဆောက်လုပ်ခြင်းနှင့် စာသင်ကျောင်း ၅၀ ပြုပြင်ခြင်း စသည်ဖြင့် ဆောင်ရွက်ခဲ့သည့်အတွက် ၂၀၁၈ ခုနှစ်အထိ စာသင်ကျောင်း ၃၀၀ တည်ဆောက်ခြင်းနှင့် စာသင်ကျောင်း ၉၂ ကျောင်း ပြုပြင်ခြင်းတို့ကို ဆောင်ရွက် ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စီမံကိန်း စတုတ္ထအဆင့်အဖြစ်၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်ကာလတွင် စာသင်ကျောင်း ၁၂၀ တည်ဆောက်ခြင်းနှင့် စာသင်ကျောင်း ၅၀ ပြုပြင်ခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းအပြင် ကယားပြည်နယ် ခုနစ်မြို့နယ်တွင် တိုးချဲ့ဆောင်ရွက် ပေးလျက်ရှိသည်။
စီမံကိန်း၏ ပထမနှစ်အတွက် စာသင်ကျောင်း ၂၂ ကျောင်း ဆောက်လုပ်ခြင်းနှင့် စာသင်ကျောင်း ၁၀ ကျောင်းပြုပြင်ခြင်း ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်၍ ၂၀၀၂ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ စာသင် ကျောင်း ၃၁၀ တည်ဆောက်ခြင်းနှင့် ၁၀၂ ကျောင်း ပြုပြင်ခြင်းတို့ ဆောင်ရွက်ပြီးစီးခဲ့သည်။
ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်း စီမံကိန်းအရ စာသင်ကျောင်းများကို တည်ဆောက်/ပြုပြင်ပေးခဲ့သည့်အတွက် ကျောင်းဆောင်သစ်များ တိုးပွားလာခြင်း၊ ကျောင်း ဥပဓိရုပ် ကောင်းမွန်ခြင်း၊ ကျောင်းသားဦးရေ တိုးတက်များပြားလာခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိခဲ့သည်။
▲ဆက်သွယ်ကူးလူးနိုင်▲
နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်မြေဒေသအခြေအနေအရ ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားများ တစ်ရွာနှင့် တစ်ရွာ၊ ဒေသတစ်ခုနှင့်တစ်ခု အဆက်အသွယ်ပြတ်ပြီး ကူးလူးဆက်ဆံမှု ခက်ခဲနေခြင်းကို ကုစားပေးရန်၊ ဖြည့်ဆည်းပေးရန်၊တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို အထောက်အကူပြုနိုင်ရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားဖြည့်ပေးရန် စသည့် ရည်ရွယ်ချက်များနှင့်အညီ လမ်း၊ တံတား၊ ရေရရှိ ရေး၊ မီးလင်းရေး၊ ပညာရေးနှင့် ကျန်းမာရေး လုပ်ငန်းများကို ရှေ့ပြေးသဘော ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။ Commercial Road နှင့် Commercial Bridge ဆိုသည့် အနေအထားထက် ဝေးလံခေါင်းပါးဒေသအတွင်း ကျေးရွာအချင်းချင်း ဆက်သွယ်ကူးလူးနိုင်ရန် ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်သည်။
ဝန်ကြီးဌာနက ဖောက်လုပ်ပေးနေသည့် လမ်းနှင့်တံတားများသည် အခြားဝန်ကြီးဌာနက ဖောက်လုပ်ပေးသည့် လမ်း၊ တံတားများနှင့်အမျိုးအစား၊ အရည်အသွေး၊ ခံနိုင်ဝန်၊ တန်ဖိုးငွေ၊ ရည်ရွယ်ချက် ကွာခြားမှုရှိသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းများကို ရှေ့ပြေး ဆောင်ရွက်ခဲ့ပြီးနောက် ဒေသလူထုအတွက်၊ နိုင်ငံတော်အတွက် ရေရှည်အကျိုးကျေးဇူးရရှိနိုင်မှု အပေါ်မူတည်ပြီး နိုင်ငံတော်၏ ဘဏ္ဍာရေးအရ နိုင်ငံတကာအဆင့်နှင့် အရည်အသွေးမီသော လမ်း၊ တံတားများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက Commercial Road နှင့် Commercial Bridge များအဖြစ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။
နယ်မြေဒေသ အခြေအနေအရ ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် နယ်စပ်ဒေသများတွင် အကောင်အထည်ဖော်ရသည့် လုပ်ငန်းများဖြစ်သည့်အတွက် သတ်မှတ်ချိန်အမီ ပြီးစီးရေးကို အလေးထားပြီး တွန်းအားပေးဆောင်ရွက်ရခြင်းဖြစ်၍ တစ်ခါတစ်ရံတွင် နယ်မြေဒေသလုံခြုံရေး အခြေအနေအရ တည်ဆောက်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုများလည်းရှိပြီး နယ်စပ်ဒေသများဖြစ်သည်နှင့်အညီ တည်ဆောက်ရေး ပစ္စည်းများဈေးနှုန်းများ ကြီးမြင့်ပြီး အခက်အခဲများ ကြုံတွေ့ရသည်။
သို့ရာတွင် ဝန်ကြီးဌာနအနေဖြင့် တွေ့ကြုံရသည့် အမျိုးမျိုးသောအခက်အခဲနှင့် စိန်ခေါ်မှု များကို ရင်ဆိုင် ကျော်လွှားကာ ရည်မှန်းချက်အတိုင်း အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။
▲လူ့စွမ်းအားအရင်းအမြစ်▲
နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်လူရွယ်များအတွက် အခြေခံနှင့် အဆင့်မြင့်ပညာရပ်များ၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးပြီး လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက် (၂) ရပ်ဖြင့် ၁၉၉၉ခု နှစ် ဇွန်လ ၃၀ ရက်တွင် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနကို စတင်ဖွင့်လှစ် ခဲ့သည်။
ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနကို ရုံးချုပ်၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း)၊ ဗဟိုလေ့ကျင့်ရေးကျောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ရုံး ကိုးရုံး၊ ခရိုင်ရုံးကိုးရုံး၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၅ ကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း ကိုးကျောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၅၀ ဖြင့် ဖွဲ့စည်းထားရှိပြီး နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလျက်ရှိသည်။
ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနသည် နယ်စပ်ဒေသ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများကို အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍနှင့် သက်မွေးပညာကဏ္ဍ (၃)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▲တိုးချဲ့ ဖွင့်လှစ်▲
အခြေခံပညာကဏ္ဍတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၅ ကျောင်း ဖွင့်လှစ်ထားပြီး ဆိုက်ခေါင်သင်တန်းကျောင်း တစ်ကျောင်းကို တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့သည်။ အဆိုပါ သင်တန်းကျောင်းများတွင် ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိသည့် နယ်စပ်ဒေသမှ မိဘမဲ့၊ မိမဲ့၊ ဖမဲ့ ဆင်းရဲနွမ်းပါး လူငယ်များကို ပဉ္စမတန်းကနေ တက္ကသိုလ်ဝင်တန်းအထိ နေထိုင်စားသောက်ရေးနှင့် ပညာသင်ကြားရေးများကို အခမဲ့တက်ရောက် သင်ကြားစေခဲ့သည်။ ယင်းသင်တန်းကျောင်းများမှ ယနေ့အထိ ကျောင်းသားကျောင်းသူ ၂၉၄၇၀ ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ၂၃၆၇ ဦးကို တက္ကသိုလ် အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ကြား ပေးနိုင်ခဲ့သည်။
ထို့ပြင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် လူငယ်သင်တန်းကျောင်း ၄၅ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၆၆၇၉ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိသည်။
▲အဆင့်မြင့်ပညာကဏ္ဍ▲
အဆင့်မြင့်ပညာကဏ္ဍတွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် တစ်ကျောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် နှစ်ကျောင်းနှင့် ဗဟိုလေ့ကျင့်ရေးကျောင်း တစ်ကျောင်းတို့ကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည့်အပြင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်ကို နယ်စပ်ဒေသများတွင် ရှိသည့် အခြေခံပညာကျောင်းများမှာ လူမျိုးတူ၊ ဘာသာစကားတူသည့် တိုင်းရင်းသား ပညာရေးဝန်ထမ်းကောင်းများ ဖြည့်တင်းပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး B.Ed ပညာရေးဘွဲ့အပ်နှင်း၍ အရည်အချင်း ပြည့်မီသူများကို မဟာပညာရေးဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းများ ဆက်လက်တက်ရောက် သင်ကြားစေလျက်ရှိသည်။
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၆၄ ခုနှစ်မှ ယနေ့အထိ ၁၃၃၀၄ ဦးကို မွေးထုတ်ပေးခဲ့ပြီး တတိယ (၁) နှစ်တာ ကာလအတွင်း ပညာရေးဘွဲ့ ၁၆၅ ဦးနှင့် မဟာပညာရေးဘွဲ့ ၁၁ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့သည်။
ကျောင်းဆင်းသင်တန်းသား၊ သင်တန်းသူများကို ပညာရေးဝန်ကြီးဌာနတွင် အထက်တန်းပြ ရာထူးဖြင့် ဆရာ၊ ဆရာမများအဖြစ် ခန့်အပ်ပေးပြီး တိုင်းရင်းသားလူမျိုးအလိုက် မိမိတို့၏ သက်ဆိုင်ရာဒေသများတွင် တာဝန်ပြန်လည် ထမ်းဆောင်စေလျက်ရှိသည်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွင်း ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း ပထမနှစ်မှ ပဉ္စမနှစ် အထိ ၁၆၂၉ ဦး၊ မဟာပညာရေးဘွဲ့ နှစ်နှစ်သင်တန်းတွင် ၂၅ ဦး စုစုပေါင်း ၁၆၅၄ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိသည်။
ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ရန်ကုန်နှင့် စစ်ကိုင်းကို နယ်စပ်ဒေသမှ တိုင်းရင်းသားလူငယ်များ ဘွဲ့ရပညာတတ်များ ဖြစ်လာပြီး မိမိဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ကျောင်းဆင်း ကျောင်းသားများကို ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ အေဂျီတီအိုင်ဒီပလိုမာနှင့် အင်ဂျင်နီယာ နည်း ပညာဘွဲ့များ ပေးအပ်ချီးမြှင့်ပြီး အလုပ်ပါ တစ်ပါတည်း ခန့်အပ်ပေးကြောင်း သိရသည်။ ယနေ့ အထိ ဝန်ကြီးဌာန ၁၅ ခုနှင့် တိုင်းဒေသကြီး/ပြည်နယ် စည်ပင်သာယာရေးအဖွဲ့များတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် ၎င်းတို့၏ သက်ဆိုင်ရာဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိရာ ယနေ့အထိ သင်တန်းဆင်း ကျောင်းသားဦးရေ ၃၈၇၀ ကို မွေးထုတ်ပေးခဲ့ပြီး ဖြစ်သည်။
ကျောင်းဆင်း ကျောင်းသားများအနက် အရည်အချင်းပြည့်မီသူများကို ပါရဂူဘွဲ့၊ မဟာဘွဲ့များကို ဆက်လက် တက်ရောက်သင်ယူစေခဲ့ပြီး ယနေ့အထိ ပါရဂူဘွဲ့ ၃၂ ဦး၊ မဟာသုတေသနဘွဲ့ ၆၇ ဦး၊ မဟာသိပ္ပံဘွဲ့ ၁၆၉ ဦး၊ မဟာဝိဇ္ဇာဘွဲ့ ၇၇ ဦး၊ မဟာအင်ဂျင်နီယာဘွဲ့ ၅၇ ဦး၊ အင်ဂျင်နီယာဘွဲ့ ၁၉၉ ဦး စုစုပေါင်း ၆၀၁ ဦး မွေးထုတ်ပေးနိုင်ခဲ့သည်။
ထို့ပြင် နယ်စပ်ရေးရာဝန်ကြီးဌာနသည် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရန်အတွက် ဗဟိုလေ့ကျင့်ရေးကျောင်းကို ရန်ကုန်မြို့ မြောက်ဒဂုံတွင် ဖွင့်လှစ်ထားပြီး ခေါင်းဆောင်မှုစွမ်းရည် မြှင့်တင်ရေးသင်တန်း၊ စီမံခန့်ခွဲရေးသင်တန်း၊ စာရေးဝန်ထမ်းသင်တန်း၊ စက်ကြီး ပန်းထိုးသင်တန်း၊ အဆင့်မြင့် စက်ချုပ်နည်းပြ သင်တန်းနှင့် ခေတ်မီမော်တာအထည်ချုပ် စက်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ဝန်ကြီးဌာနမှ ဝန်ထမ်းများအပြင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီး/ ပြည်နယ် စည်ပင်သာယာရေး အဖွဲ့များနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများမှ ဝန်ထမ်းများကို သင်ကြားပေးလျက်ရှိသည်။
▲လေ့ကျင့်သင်ကြား▲
ယနေ့အထိ သင်တန်းသား သင်တန်းသူ ၁၄၇၄၀ ကို လေ့ကျင့်ပေးနိုင်ခဲ့ပြီး တတိယ တစ်နှစ် တာ ကာလအတွင်း သင်တန်းရှစ်မျိုးကို နှစ်ကြိမ် ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသား သင်တန်းသူ ၅၇၀ကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့သည်။
နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များကို စက်မှုလက်မှုပညာရပ်များ တတ်မြောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခြင်းဖြင့် ဝင်ငွေတိုးတက်ပြီး လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်လျက်ဝန်ကြီးဌာနက နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း ကိုးကျောင်း ဖွင့်လှစ်ပေးခဲ့သည်။
ယင်းသင်တန်းကျောင်းများတွင် လက်ကိုင်ဖုန်းနှင့် ဆိုင်ကယ်ပြုပြင်နည်း၊ အခြေခံစက်ပြင်၊ မော်တော်ယာဉ်စက်ပြင်၊ ဆောက်လုပ်ရေးအခြေခံ၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း၊ လျှပ်စစ်၊ စတီး၊ အလူမီနီယံ ဂဟေဆက်သင်တန်းများ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသား ၅၁၅၉ ဦးကို မွေးထုတ်ပေးခဲ့သည်။ တတိယ (၁) နှစ်တာကာလအတွင်း ခြောက်လသင်တန်းနှစ်ကြိမ် ဖွင့်လှစ်သင်ကြားပြီး သင်တန်းသား ၇၁၁ ဦးကို လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့သည်။
ထို့ပြင် တိုင်းရင်းသူအမျိုးသမီးငယ်များကို အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာရပ်များ သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၄၅ ကျောင်းကို ဖွင့်လှစ်ထားပြီး အခြေခံအိမ်တွင်းမှု၊ အဆင့်မြင့်စက်ချုပ်၊ သိုးမွေးစက်ဆွဲ၊ ရိုးရာဂျပ်ခုတ်နှင့် ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းများ သင်ကြားပေးလျက်ရှိသည်။
▲အလုပ်အကိုင်အခွင့်အလမ်း▲
ထူးခြားသည့် ဆောင်ရွက်ပေးနိုင်ခဲ့မှုမှာ ပခုက္ကူနှင့် ပုသိမ်အိမ်တွင်းမှု သင်တန်းကျောင်းများတွင် အသက်မွေးဝမ်းကျောင်း သင်တန်းအဖြစ် ဟိုတယ်ဝန်ဆောင်မှု သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး National Skill Standard Authority (NSSA) လက်မှတ်ရ သင်တန်းသား၊ သင်တန်းသူ ၄၅၀ ကို လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့သည်။
သင်တန်းဆင်းများကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းကာ ပုဂံ၊မန္တလေး၊ မကွေး၊ နေပြည်တော်၊ ရန်ကုန်၊ ငွေဆောင်၊ ချောင်းသာနှင့် အခြားမြို့နယ်များရှိ ဟိုတယ်များတွင် စုစုပေါင်း ၃၈၇ ဦးကို အလုပ်ခန့်အပ်ပေးနိုင်ခဲ့သည်။
တတိယ (၁)နှစ်တာ ကာလအတွင်း အိမ်တွင်းမှု သင်တန်းကျောင်း ၄၅ ကျောင်းတွင် သင်တန်းသား သင်တန်းသူ ၆၀၁၀ ကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီး ဦးစီးဌာနအနေဖြင့် အခြေခံ၊ အဆင့်မြင့်ပညာရပ်များနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးရုံသာမက အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။
၁၉၉၂ ခုနှစ်မှ ယနေ့အထိ အိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ ၈၆၅၆၀ လေ့ကျင့်သင်ကြားပေးပြီးဖြစ်သည်။
ထို့အတူ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အဖွဲ့ချုပ်တို့ ပေါင်းစပ်ညှိနှိုင်းပြီး အိမ်တွင်းမှုသင်တန်းကျောင်းများမှ အခြေခံအိမ်တွင်းမှု သင်တန်းနှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အောင်မြင်ပြီးသည့် တိုင်းရင်းသူများကို ရန်ကုန်မြို့ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် အထည်ချုပ်စက်ရုံသုံး ခေတ်မီမော်တာ အထည်ချုပ်စက် သင်တန်းများကို သင်ကြားပေးခဲ့သည်။
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ ၁၈ ရုံတွင် သင်တန်းဆင်း အမျိုးသမီးငယ် ၁၁၃၂ ဦး အလုပ် အကိုင်များ ရရှိလုပ်ကိုင်နေကြပြီဖြစ်သည်။ ဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းဆင်းပြီး သင်တန်းသား၊ သင်တန်းသူ ၁၃၃၀၄ဦးကို ပညာရေးဝန်ကြီးဌာနတွင် အထက်တန်းပြ ဆရာ၊ ဆရာမများအဖြစ် အလုပ်ခန့်အပ်ပေးခဲ့သည်။ ဒီဂရီကောလိပ် ရန်ကုန်နှင့် စစ်ကိုင်း ကျောင်းဆင်းဦးရေ ၃၈၇၀ ကို ဝန်ကြီးဌာန ၁၅ ခုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့များတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် အလုပ်ခန့်အပ် တာဝန်ပေးနိုင်ခဲ့သည်။
စက်မှု၊ လက်မှု ပညာသင်တန်းကျောင်း ကိုးကျောင်းတွင် အောင်မြင်ပြီးသူ ၁၃၇၈ ဦးတို့သည် ဆောက်လုပ်ရေးကုမ္ပဏီများ၊ ကားဆားဗစ်စင်တာများ၊ ဆိုင်ကယ်ပြုပြင်ရေးဆိုင်များ၊ ဂဟေအလုပ်ရုံများနှင့် ပြင်ပလျှပ်စစ်မီး သွယ်တန်းရေးအဖွဲ့များတွင် အလုပ်လုပ်ကိုင်လျက် ရှိသည်။
စစ်တမ်းကောက်ယူမှုအရ အိမ်တွင်းမှုသင်တန်း အောင်မြင်ပြီးသူ ၂၁၉၅၅ ဦးတို့သည် ၎င်းတို့ တတ်မြောက်ထားသည့် ပညာရပ်များဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိသည်။ အိမ်တွင်းမှု သင်တန်းကျောင်းများမှ အခြေခံအိမ်တွင်းမှုနှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အောင်မြင်ပြီးသူ များကို ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းတက်ရောက်ပြီး အောင်မြင်ပြီးသူ ၂၅၄၄ ဦးကို အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ အလုပ်သမား အသိအမှတ်ပြု လက်မှတ်များပေးအပ်ပြီး ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ ၂၉ ရုံတွင် အလုပ်ခန့်အပ်ပေးနိုင်ခဲ့သည်။
ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနက နယ်စပ်ဒေသနေပြည်သူများ လူ့စွမ်းအား အရင်းအမြစ်နှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆက်လက်အောင်မြင်အောင် ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်လင်းကြည်
ဓာတ်ပုံ - အောင်ဇော်မျိုး(နယ်စပ်ရေးရာ)






