ကျောက်မဲ မေ ၂၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဖွံ့ဖြိုးရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သက်နှင့် အဖွဲ့ဝင်တို့သည် မေလ ၁၈ ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်၊ နမ္မတူမြို့နယ်အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်နယ်အစိုးရ) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်နယ်အစိုးရ) ခွင့်ပြုရန်ပုံငွေကျပ် ၈၀ ဒဿမ ၇၂၅ သန်းဖြင့် နမ္မတူမြို့နယ်၊ နောင်အော-နားငူး-နမ့်ပိုင်- ပိန်းထွမ်- နားတွန်ကျေးရွာ လမ်းအရှည် ၇ မိုင် အနက် ဆောင်ရွက်ရန် ကျန်ရှိသည့် မြေသားလမ်း ၂ မိုင် နှင့် ၎င်းလမ်းပေါ်တွင် ရန်ပုံငွေကျပ် ၃၃ ဒဿမ ၅၆၅ သန်းဖြင့် တည်ဆောက်နေသည့် အရှည် ၁၅ ပေရှိ ချောင်းကူးကွန်ကရစ်တံတားတို့အား တင်ဒါအောင်မြင် ဆောင်ရွက် ခွင့်ရရှိခဲ့သော ရွှေငှက်သုံးကောင် ကုမ္ပဏီမှလည်းကောင်း၊ ခွင့်ပြုရန်ပုံငွေကျပ် ၁၆၁ ဒဿမ ၄၅၄ သန်းဖြင့် နမ္မတူမြို့နယ်၊ နမ့်မျှော်-လုပ်လေ ကျေးရွာ လမ်း ၈ မိုင်အနက် ဆောင်ရွက်ရန်ကျန်သည့် မြေသားလမ်း ၄ မိုင် အား စန်းကမ္ဘာကုမ္ပဏီမှ လည်းကောင်း ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။ အပြီးသတ် ဆောင်ရွက် နေသည့်လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေးကို တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှာကြားခဲ့သည်။
အဆိုပါမြေသားလမ်း ၂ လမ်းနှင့် ၁၅ ပေ ကွန်ကရစ်တံတား တစ်စင်း တည်ဆောက်ပြီးစီးပါက မြို့နယ်ချင်း ဆက်လမ်း ၊ ကျေးရွာအုပ်စုချင်းဆက်လမ်းရှိ ကျေးရွာနေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချော မွေ့ လာမည်ဖြစ်ပြီး ဒေသခံပြည်သူများ အနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစီးပွားဘဝများ တိုးတက် အဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)