လပွတ္တာ နိုဝင်ဘာ ၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှုပညာသင်တန်းကျောင်း (လပွတ္တာ)၌ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၇)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၄)၊ ဂဟေသင်တန်း အမှတ်စဉ်(၁၄)၊ မော်တော်ယာဉ်စက်ပြင်သင်တန်းအမှတ်စဉ်(၉)နှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ် စဉ် (၁၁) သင်တန်းဖွင့်ပွဲကို လပွတ္တာခရိုင် သုံးမိုင်မြို့သစ် စက်မှုလက်မှုပညာသင်တန်းကျောင်း ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇော်မျိုးညွန့်က ဒေသတွင်းစက်မှုလက်မှု လုပ်ငန်းများထူထောင်ရာတွင် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေရေး၊ သင်တန်းဆင်းပြီးနောက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းဖြင့် စားဝတ်နေရေး ဘက်စုံတိုးတက်ပြီး လူနေမှုအဆင့် အတန်းမြင့်မားလာစေရေး ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယခုသင်ကြားပေးမည့် လျှပ်စစ်သင်တန်းမှာ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း၊ ရေခဲသေတ္တာနှင့် အဲကွန်းပြုပြင်ခြင်း ဘာသာရပ်များ၊ ဂဟေသင်တန်းတွင် လျှပ်စစ်ဂဟေနှင့် ဓာတ်ငွေ့ဂဟေဘာသာရပ် များ၊ မော်တော်ယာဉ်စက်ပြင် သင်တန်းတွင် ယာဉ်အင်ဂျင်ပိုင်း၊ ကိုယ်ထည်ပိုင်းနှင့် မီးစနစ်ပိုင်းများ ပြုပြင်ခြင်း၊ လက်ကိုင်ဖုန်းပြင်သင်တန်းတွင် ဟာ့ဒ်ဝဲ/ဆော့ဖ်ဝဲပိုင်းပြုပြင်နည်းများ သင်ကြားပေးမည် ဖြစ်သည်။
အဆိုပါ သင်တန်းများတွင် သင်တန်းသား ၅၀ တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ၂၂ ပတ် ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။