နေပြည်တော် အောက်တိုဘာ ၁၄ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ၄ ကျောင်းတို့၌ ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းဆင်းပွဲများအား ယနေ့ နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းများ၌ ကျင်းပ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့ သင်တန်းကျောင်းတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အောင်ပန်းမြို့ သင်တန်းကျောင်းတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ လပွတ္တာမြို့ သင်တန်းကျောင်းတွင် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ပုဏ္ဏားကျွန်းမြို့ သင်တန်းကျောင်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းတို့ အသီးသီးတက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းကျောင်း ၄ ကျောင်းတွင် ဆောက်လုပ်ရေးသင်တန်းသား ၃၀ ဦး၊ လျှပ်စစ် သင်တန်းသား/သူ ၄၇ ဦး၊ ဂဟေသင်တန်းသား ၄၇ ဦး၊ မော်တော်ယာဉ်စက်ပြင် သင်တန်းသား/သူ ၇၀ ဦး၊ လက်ကိုင်ဖုန်းပြင်သင်တန်း ၁၆ ဦး စုစုပေါင်း ၂၁၀ ဦးဖြင့် သင်တန်းကာလ ၆ လကြာ လက်တွေ့ခန်း သုံးပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာ ထောက်ပံ့ပေးပြီး နေထိုင်စားသောက်ရေး အခမဲ့ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းထူးချွန်ဆု ရရှိသူများနှင့် သင်တန်းသားများအတွက် သင်တန်းဆင်းအောင်လက်မှတ်များအား အသီးသီးချီးမြှင့်ပေးခဲ့ပါသည်။
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ၄ ကျောင်း တွင် ၂၀၂၂ ခုနှစ် မေလ ၁၆ ရက်နေ့မှ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့အထိ ရက်သတ္တပတ် ၂၂ ပတ်ကြာ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်း နှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်း ကျောင်းများ စတင်ဖွင့်လှစ်ချိန်မှ ယခုသင်တန်း အထိ သင်တန်းသား စုစုပေါင်း ၆၀၇၇ ဦး သင်ကြား လေ့ကျင့် မွေးထုတ်ပေးခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခဲ့ကြောင်း သတင်းရရှိပါသည်။