ဖလမ်း မေ ၁၅
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ချင်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဖလမ်းမြို့နယ်အတွင်းဆောင်ရွက်သည့် လမ်းတာချဲ့ခြင်းနှင့် သောက်သုံးရေသွယ်ယူ ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေနေများကို မေ ၁၄ ရက် နေ့လယ်ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ဖလမ်းခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးစိုးလွင်နှင့် ခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဝင်းတို့က ဖလမ်းမြို့နယ်၊ စတောမ်-လေးလက်ကြား ကျေးရွာချင်းဆက်လမ်း (၃)မိုင် လမ်းတာချဲ့ခြင်းနှင့် လေးလက်ကျေးရွာ သောက်သုံးရေရရှိရေး ရေသွယ်ယူခြင်း လုပ်ငန်းများဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။
ဖလမ်းမြို့၊ စတောမ်-လေးလက်ကြား ကျေးရွာချင်းဆက်လမ်း (၃)မိုင်ကို ချင်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၅၁.၃၀၀)ဖြင့် New Life Brother ကုမ္ပဏီက (၂၄)ပေအကျယ် လမ်းတာချဲ့ ခြင်းဆောင်ရွက်ပြီးစီးခြင်းဖြစ်ပြီး ကျေးရွာ(၆)ရွာမှ ပြည်သူများ မြို့ပေါ်နှင့်ကျေးလက် လွယ်ကူစွာ ကူးလူးဆက်သွယ်သွားလာနိုင်မည်ဖြစ်သည်။ အလားတူ လေးလက်ကျေးရွာ တွင်လည်း သောက်သုံးရေရရှိရေးအတွက် ချင်းပြည် နယ်ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံး၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၃၃.၂၅၀)ဖြင့် United Hi-tech Star ကုမ္ပဏီက (၃)မိုင် (၄)ဖာလုံအရှည်ကို (၄)လက်မ(၃.၅)PVC ပိုက်ဖြင့် ရေသွယ်ယူခြင်း၊ ဂါလံ(၅၀၀၀)ဆံ့ ရေလှောင်ကန်နှင့် ရေစစ်ကန်၊ ရေဖမ်းကန်များ တည်ဆောက်ပြီးစီးကာ လေးလက်ကျေးရွာနေ အိမ်ထောင်စု(၁၁၈)စုအတွက် သောက်သုံးရေ လုံလောက်စွာရရှိနေပြီဖြစ်ကြောင်း သိရသည်။