ဖောင်းပြင်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတားတည်ဆောက်နေမှုများ ကြည့်ရှုစစ်ဆေး

ဖောင်းပြင် မေ ၁၉

            စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လမ်း၊ တံတားတည်ဆောက်နေမှုလုပ်ငန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော်နှင့်အတူ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

            ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် တာပန်-မားသီး-ဂွေ့ငူလမ်းပိုင်း ငါးမိုင်လေးဖာလုံအား ၂၆ ပေအကျယ် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေ ငွေကျပ် ၂၀၄ ဒသမ ၅ သန်းဖြင့်လည်းကောင်း၊ လွင်ကြီး-နောက်မနား နောင်မိုးလမ်းပိုင်၌ လေးမိုင်ခြောက်ဖာလုံအား ခြောက်လက်မထု ကျောက်ရောမြေခင်းခြင်းလုပ်ငန်းနှင့် ရွာတန်းရှည်-နန်းယုံ-လယ်ဦးကျေးရွာချင်းဆက်လမ်း သုံးမိုင်ပေါ်တွင် (၅’x၂၄’x၆’) Box Culvert ငါးစင်းတည်ဆောက်ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေ ငွေကျပ် ၉၄ ဒသမ ၄ သန်းဖြင့်လည်းကောင်း၊ ဖောင်းပြင်မြို့ ကျွန်းရွှေဝါ အင်ကြင်းမြိုင်ရပ်ကွက် မြို့တွင်းလမ်း လေးဖာလုံအား ၁၈ ပေအကျယ်၊ ခုနှစ်လက်မထိ ကွန်ကရစ်ခင်းခြင်းလူပ်ငန်းကို ခွင့်ပြုရန်ပုံငွေ ငွေကျပ် ၁၅၄ သန်း ဒသမ ၅ သန်းဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

            အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖောင်းပြင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်၊ ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော်၊ ဖောင်းပြင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီစော၊ အငယ်တန်းအင်ဂျင်နီယာ -၂ ဦးဇော်မင်းထိုက်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်အင်ဂျင်နီယာ ဦးသန်းဇော်ဝင်းတို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လမ်း၊ တံတားတည်ဆောက်နေမှုများကို ကွင်းဆင်းကြည့်ရှုလစစ်ဆေးခဲ့ကြောင်း သိရသည်။