''၀"ဒေသ သံဃာတော်များအတွက် (၂၁) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၂၄
    နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစီအစဉ်အရ သံလွင်အရှေ့ခြမ်းရှိ သံဃာတော်များအတွက် ၂၁ ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုပန်မြို့ရှိ (၃၁) ဘုံ ဆုတောင်းပြည့်စေတီ ဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ (ဗဟို) ကျောင်းတိုက် ဘဒ္ဒန္တသီဟဗလ (အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) အမှူးပြုသော သံလွင်အရှေ့ခြမ်း တန့်ယန်း၊ ပန်ဆန်း၊ ဝိန်းကောင်၊ နားဖန့်၊ မန်ဖန့်၊ မန်မန်ဆိုင်၊ နားဝီး၊ မက်မန်း၊ မိုင်းမော၊ နမ့်တစ်ဒေသများမှ ဆရာတော်အရှင်သူမြတ်များ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကိုယ်စား နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား "၀''ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အမှုဆောင်ကော်မတီ ၀င် ဦးရန်ကျော်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကျောက်ထယ်ချန်၊ ကွမ်းလုံ (အခြေချ) စစ်ဗျူဟာမှူး  ဗိုလ်မှူးကြီးရဲရင့်အောင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၊ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်တို့မှ တာ၀န်ရှိသူများ၊ ဒေသခံတိုင်းရင်းသား/ သူများ တက်ရောက်ကြသည်။
    အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဧည့်ပရိတ်သတ် တို့က တန့်ယန်းမြို့၊ ဝေဠု၀န်ပရိယတ္တိစာသင်တိုက် နာယကဆရာတော် ဘဒ္ဒန္တဝိစိန္ဒာ (သဒ္ဓမ္မ ဇောတိကဓဇ) ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော် မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
    ယင်းနောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး ဗဟိုကော်မတီကိုယ်စား နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရခြင်းနှင့် သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။ ထို့နောက် ကိုင်းကုန်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကုသလထံမှ သာဓုအနုမောဒနာတရား နာယူကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းခဲ့သည်။
    ယနေ့အခမ်းအနားတွင် တန့်ယန်း၊ ပန်ဆန်း၊ ဝိန်းကောင်၊ နားဖန့်၊ မန်ဖန့်၊ မန်မန်ဆိုင်၊ နားဝီး၊ မက်မန်း၊ ဟိုပန်၊ မိုင်းမော၊ နမ့်တစ်ဒေသများ၌ သီတင်းသုံးနေထိုင်ကြကုန်သောသံဃာတော် (၁၀၆၆)ပါး၊ ရှင်သာမဏေ (၅၀၀၃) ပါးတို့အတွက် သင်္ကန်းဒွိစုံ (၅၀၀) စုံ၊ ရှင်ကြီး၀တ် သင်္ကန်း (၁၅၀၀) စုံ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သင်္ကန်းဒွိစုံ (၈၉) စုံ၊ အရှေ့မြောက်တိုင်း စစ်ဌာန ချုပ်တိုင်းမှူးနှင့် ဇနီးတို့မှ သင်္ကန်း (၅၁) စုံတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။