သထုံ အောက်တိုဘာ ၂
နယ်စပ်ရေးရာဝန်ကြီးဌာနသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သထုံခရိုင်အတွင်း လမ်းတံတားလုပ်ငန်း ၁၁ ခု အပါအဝင် တည်ဆောက်ရေးလုပ်ငန်း စုစုပေါင်း ၁၆ ခုကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် ၁၉၈၄ ဒသမ ၂၀၆ သန်း ဖြင့် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး အရည်အသွေး ပြည့်မီပြီး သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေး
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် သထုံခရိုင်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအနက် ကျိုက်ထိုမြို့နယ် အင်္ဂဘို- ကဒိုင်ဒွတ်- မိုးဘောလမ်း (၃/၅)မိုင် ကျောက်ခင်းခြင်း၊ ဆောင်နိုင်ကြီးကျေးရွာအဝင် လမ်းမကြီး အရှည်(၁/၀)မိုင် ကျောက်ခင်းခြင်း၊ ကျောက်ပိ-သောင်ကွင်း ကျေးရွာချင်းဆက် ကုန်ထုတ်လမ်း (၃/၁)မိုင် ဂဝံခင်းခြင်း၊ သထုံမြို့နယ် အင်တော-နောင်ကတုတ်လမ်း (၄/၀) မိုင် ကျောက်ခင်းခြင်းနှင့် အဆိုပါလမ်းပေါ်ရှိ အရှည်ပေ ၁၀၀ နှင့် အရှည်ပေ ၆၀ ရှိ ကွန်ကရစ်တံတား နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မွန်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးဉာဏ်မျိုးနှင့် တာဝန်ရှိသူများက အောက်တိုဘာ ၂ ရက်တွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်း သိရသည်။
ငွေကြယ်