
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၁၅
နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနက် အဓိကလုပ်ငန်းစဉ်ဖြစ်သော လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးအား အလေးထားဆောင်ရွက်လျက်ရှိရာ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေး - ဂျုံနော - ရှောက်ပန်းကုံး - မုံးဝီး လမ်းပိုင်းမှာ (၂၇/၀) မိုင် ရှည်လျားပြီး တောင်ပေါ်ဒေသ ကျေးရွာများရှိ ဒေသခံတိုင်းရင်းသား ပြည်သူများ သွားလာရေး အားထားရသောလမ်းပိုင်း ဖြစ်သည့်အတွက် ၂၀၁၅ - ၂၀၁၆ဘဏ္ဍာရေးနှစ်မှစတင်ကာ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့်ဖောက်လုပ်ခဲ့ပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်ထိ မြေသားလမ်းအရှည် (၂၂/၄) မိုင်အား ဆောင်ရွက်နိုင်ခဲ့ပါသည်။ယခုအခါ အဆိုပါလမ်းပိုင်းမှ ကျန်ရှိသည့်လမ်းပိုင်း (၄/၄) မိုင်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၈၆.၃၀၈) သန်းဖြင့် အပြီးသတ်မြေသားလမ်း ဖောက်လုပ်ပေးနိုင်တော့မည် ဖြစ်ပါသည်။
ထို့အပြင် ကွတ်ခိုင်မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော လမ်းဖောက်လုပ်ရေးနှင့် လိုအပ်သောနေများတွင် ကွန်ကရစ်တံတားနှင့် Box Culvert တည် ဆောက်ရေးလုပ်ငန်းများအား ထည့်သွင်းတည်ဆောက်လျက်ရှိရာ၊ လွယ်ခန်-နောင်ဟန်-နမ့်ရိမ်းလမ်းပိုင်း ( ၇/ ၀ )မိုင်အား၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်ကာ ကျောက်လမ်း ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ကျောက်လမ်း( ၄ )မိုင် ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၌ ကျောက်လမ်း( ၁/ ၄ )မိုင်ခင်းခြင်းနှင့် ၎င်း လမ်းပေါ်တွင် ( ၁၅ )ပေ ကွန်ကရစ်တံတား( ၁ )စင်းနှင့် လိုအပ်သောနေရာများတွင် ( ၅ x ၅ x ၂၆ ) ပေ Box Culvert( ၅ )စင်းအား ခွင့်ပြုရန်ပုံငွေကျပ် ( ၂၆၃ . ၉၉၉ )သန်းဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းခွင်များသို့ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ပြီး လုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် (COVID – 19) ကာလအတွင်း ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ သတိပြု၍ လုပ်ငန်းများဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရပါသည်။