နေပြည်တော် ဇွန် ၂၇
တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ဟူသော ဦးတည်ချက်ဖြင့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား ကွင်းရှိ လေ့ကျင့်ရေးကွင်းများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
ယနေ့နံနက်ပိုင်းတွင် အုပ်စု (ဂ) ပွဲစဉ်အဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (ခ) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (ခ) အသင်းက ၅ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။ ဆက်လက်၍ ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ အုပ်စု(က)ပွဲစဉ်အဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားကြရာ နယ်စပ်ရေးရာဝန်ကြီး ဌာနအသင်းက ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
အလားတူ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁) ၌ အုပ်စု (က) ပွဲစဉ်အဖြစ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (က) အသင်းနှင့် ပညာရေးဝန်ကြီးဌာန (ခ) အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။
အဆိုပါ ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများအား ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲ ကျင်းပရေးကော်မတီများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်မိဘပြည်သူများ လာရောက်အားပေးကြည့်ရှုကြသည်။
ဇွန် ၂၈ ရက်(ယနေ့) နံနက်ပိုင်းတွင် အဆိုပါ ဘောလုံးပြိုင်ပွဲ အုပ်စု(ဂ)မှ ပညာရေးဝန်ကြီးဌာန(က) အသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (ခ) အသင်းတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေး ကွင်းအမှတ် (၃) ၌လည်းကောင်း၊ ဇွန် ၂၈ ရက် ညနေပိုင်းတွင် အုပ်စု (ခ) မှ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းတို့သည် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌လည်းကောင်း၊ အုပ်စု(ခ)မှ ကျန်းမာရေးဝန်ကြီးဌာန အသင်းနှင့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌လည်းကောင်း အသီးသီးဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ကျော်လွင်
၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ
video-upload