(၇၃)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်ပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဇန်နဝါရီ ၁၅
   ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်တွင် ကျရောက်သည့် (၇၃)နှစ်မြောက်  ကယားပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်သည်။
   အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ပိုးရယ်အောင်သိန်း၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဉာဏ်ထွန်းနှင့်   ဒေါက်တာညွန့်ဖေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဗဟိုအဖွဲ့အကြံပေး အဖွဲ့ဝင်  စောဒန်နီယယ်၊ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။
   အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဦးဉာဏ်ထွန်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသကွပ်ကဲရေးမှူးတို့က ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အထိမ်းအမှတ် မုခ်ဦးကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
    ထို့နောက် အခမ်းအနားကို  ပြည်နယ်ခန်းမ၌  ဆက်လက်ကျင်းပရာ  သဘာပတိအဖွဲ့ဝင်များ ရောက်ရှိနေရာယူပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော် အပေါင်းကို အလေးပြုကြသည်။
    ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်သဝဏ်လွှာကို ဒုတိယဝန်ကြီးချုပ်နှင့်   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ်နေ့ အထိမ်းအမှတ် နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။
    ဆက်လက်၍ (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ် နှင့် ဂုဏ်ထူးဆောင်ဆုရရှိသူများ၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲနှင့် (၂၅)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် ဒေသကွပ်ကဲရေးမှူးတို့က ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်သည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က နယ်စပ်ရေးရာ ဝန်ကြီးဌာနမှပေးအပ်သည့် 50 KW ဆိုလာအစုံ (၁၀၀)နှင့်  ကယားပြည်နယ်အတွင်း တာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် ငွေကျပ် (၁၅၁) သိန်း တန်ဖိုးရှိ အခြေခံ စားသောက်ကုန်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြန်ကြားရေးဝန်ကြီး ဌာနမှ ပေးအပ်သည့် DTH စလောင်း အစုံ (၅၀)နှင့် Set Top Box အစုံ(၁၀၀)တို့ကိုလည်းကောင်း  ပေးအပ်ရာ ပြည်နယ်အစိုးရ ဖွဲ့ဝင်များက လက်ခံရယူကြသည်။
    ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြပြီး   (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်  ကျင်းပသည့်  ကယားရိုးရာ စပါးထောင်း၊ ကယား၊ ကယန်းရိုးရာနပန်းအပါအဝင် ရိုးရာအားကစားပွဲများနှင့်  မူကြိုကလေးငယ် များ၏ ကာယစွမ်းရည်ပြိုင်ပွဲများတွင် ကလေးငယ်များ၊ ကျောင်းသား ကျောင်းသူများနှင့် တိုင်းရင်းသားလူငယ်များ ပျော်ရွှင်စွာဝင်ရောက်ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
    ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ဆုရရှိကြသူများအား ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ဒေသခံပြည်သူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်သည်။
 ယမန်နေ့ကလည်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်နှင့်  ဒေါတမရပ်ကွက်ရှိ ဘူတာလမ်း ကတ္တရာကွန်ကရစ်လမ်းသစ် ဖွင့်ပွဲသို့တက်ရောက်ပြီး ဒုတိယဝန်ကြီးချုပ်နှင့်  ပြည်ထောင်စုဝန်ကြီးက  ဘူတာလမ်း ကတ္တရာကွန်ကရစ်လမ်းသစ် ဖွင့်ပွဲမုခ်ဦးကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး အကအဖွဲ့များကိုဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်၍ လမ်းသစ်ကိုဖြတ်သန်းကြည့်ရှုကာ တက်ရောက်လာသော တိုင်းရင်းသားရိုးရာ အကအဖွဲ့များနှင့်  ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

   ယင်းနောက် လွိုင်ကော်မြို့ တည်ဆောက်ဆဲ သီရိမင်္ဂလာဈေးသစ် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုပ်ငန်းပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အဆင့်မြင့်ဈေးသစ် တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ လိုအပ်သည်များ မှာကြားသည်။
    ဆက်လက်၍ လွိုင်ကော်မြို့  ခုတင်(၅၀၀)ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆေးပဒေသာပင်ရန်ပုံငွေကျပ်(၅၅)သိန်း၊ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေကျပ်(၁၀)သိန်းနှင့် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများက လက်ခံရယူကြသည်။
    ထို့နောက်  ဖျားနာဆောင်နှင့် သားဖွားမီးယပ်ဆောင်တွင် တက်ရောက် ဆေးကုမှု ခံယူလျက် ရှိသည့်လူနာများအား   ကြည့်ရှုအားပေးကာ  လူနာများအတွက်အာဟာရ ဖြည့်စွက်စာနှင့် ချီးမြှင့်ငွေ များ ပေးအပ်ပြီး ကျောက်ကပ်တုသန့်စင်ဌာန၊ ရောဂါရှာဖွေရေးဌာန၊ ကွန်ပျူတာဓာတ်မှန်ဌာန နှင့်ဆေးသိုလှောင်ရုံများသို့ လှည့်လည်ကြည့်ရှုသည်။
    မွန်းလွဲပိုင်းတွင်   လွိုင်ကော်မြို့ပေါ်ရှိ ရွှေတောင်ပရိယတ္တိစာသင်တိုက်၌ကျင်းပသည့် ဆန်၊ ဆီ၊ ပဲ၊ ဆား စသော လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များက ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ် ပစ္စည်းများ  ဆက်ကပ်လှူဒါန်းကြသည်။
    ယင်းနောက် လွိုင်ကော်မြို့အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသော သာသနိကအဆောက်အအုံများ ပြုပြင်ခြင်းလုပ်ငန်းအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်း ငွေကျပ် (၂၃၉ ဒသမ ၀၆၀)သန်းနှင့် လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများအတွက် လှူဒါန်းငွေကျပ် သိန်း(၁၅၀)ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းနှင့် ဦးရွှေကြိမ်းတို့က ပေးအပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
    ဆက်လက်၍ ရွှေတောင်ပရိယတ္တိ စာသင်တိုက်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ရေကြီးမြင့်တက်ခဲ့မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများ  ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ ကယားပြည်နယ်နေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ဗဟိုပြခန်း၊ MSME ပြခန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ သစ်တောနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပြခန်းများ၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုပြခန်းများနှင့် ကယားရိုးရာအစားအစာနှင့် အဝတ်အထည် အရောင်းဆိုင် ပြခန်းတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
 

Post Paragraph
video-upload