
နေပြည်တော် ဖေဖော်ဝါရီ ၇
(၇၅) နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၇နာရီတွင် တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ စောဒန်နီယယ်၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဌေးအောင်၊ ဦးစောထွန်းအောင်မြင့်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဂုဏ်ပြုဆုရသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ (၇၅) နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်က ဖတ်ကြားပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်နေ့ မိန့်ခွန်းပြောကြား သည်။
ယင်းနောက် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုပစ္စည်းများ ချီးမြှင့်ရာ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု ပထမအဆင့် သုံးဆုနှင့် တတိယအဆင့် ခြောက်ဆု၊ လုံခြုံရေးနှင့်တရားဥပဒေရေးဆိုင်ရာ ထူးချွန်ဆု ပထမအဆင့် ၄၄ ဆုနှင့် ဒုတိယအဆင့် တစ်ဆု၊ တတိယအဆင့် ၂၁ ဆု၊ စိုက်ပျိူးရေးထူးချွန်ဆု တတိယအဆင့် နှစ်ဆု၊ မွေးမြူရေးဆိုင်ရာထူးချွန်ဆု တတိယအဆင့် တစ်ဆု၊ ကျန်းမာရေးဆိုင်ရာ ထူးချွန်ဆု တတိယအဆင့် သုံးဆု၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆု (ပထမအဆင့်) တစ်ဆုနှင့် တတိယအဆင့် ၂၇ ဆု၊ သုတေသနဆိုင်ရာ ထူးချွန်ဆု တတိယအဆင့်ဆု တစ်ဆု ရရှိသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်၊ Jeng Phang နော်တောင်၊ စောဒန်နီယယ်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့က ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုပစ္စည်းများ ပေးအပ်ချီးမြှင့် ကြသည်။
ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာအစုံ ၁၅၀ ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူသည်။
ယင်းနောက် ကလောမြို့နယ် ဟဲဟိုး၊ အင်းခေါင်းတွင် (၇၅) နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ရှမ်းပြည်နယ် ဟင်းသီးဟင်းရွက်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံဆိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံဆိုင်က နှုတ်ခွန်းဆက်စကားပြောကြားကာ ပြည်နယ် ဝန်ကြီးချုပ် နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးတို့က အမှာစကားများ ပြောကြားကြသည်။
ယင်းနောက် တောင်သူအဖွဲ့အစည်းများကို ထောက်ပံ့မြေသြဇာအိတ်များ ပေးအပ်ရာ ကလောမြို့နယ် အာလူးအုအဖွဲ့နှင့် ပင်လောင်းမြို့နယ် ထောပတ်အစုအဖွဲ့များကို ပြည်နယ် ဝန်ကြီးချုပ်ကလည်းကောင်း၊ ညောင်ရွှေမြို့နယ်နှင့် ရွာငံမြို့နယ်မှ ခရမ်းချဉ်သီး အစုအဖွဲ့များကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က လည်းကောင်း၊ ပင်းတယမြို့နယ်နှင့် ရပ်စောက်မြို့နယ်မှ ဟင်းသီးဟင်းရွက် အစုအဖွဲ့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က လည်းကောင်း၊ ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ် ထောပတ်အစုအဖွဲ့များကို ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးကလည်းကောင်း ပေးအပ်ကြရာ တောင်သူအဖွဲ့အစည်းများက လက်ခံရယူ ကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်ချီမြှင့်ပေးကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများကို ပြည်နယ်ဝန်ကြီးချုပ်က သစ်သီးလက်ဆောင် ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးဦးစီးဌာနမှ ပြသထားသော ပြခန်းများနှင့် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။



