အိန္ဒိယနိုင်ငံအထောက်အပံ့ဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဆောင်ရွက်လျက်ရှိသည့် ပေ ၁၈၀ ဘေလီတံတားအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၈

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ဒုံဟီးမြို့ ချောင်းဆုံ-ကကြီးချမ်းမြူကျေးရွာကြား ပေ ၁၈၀ နှစ်လွှာ တစ်ထပ်၊ အကျယ် ၁၄ ပေရှိသော ဘေလီတံတားကို စတုတ္ထ အကြိမ် အိန္ဒိယနိုင်ငံအထောက်အပံ့ဖြင့် ငွေကျပ် ၄၅၁ ဒသမ ၃၈၁ သန်းဖြင့် တည်ဆောက်လျက်ရှိကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံးမှ သိရသည်။

ချောင်းဆုံ-ကကြီးချမ်းမြူကျေးရွာ ဘေလီတံတား တည်ဆောက်မှုအနေဖြင့် ၅၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် သည်။ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးပါက ယင်း တံတားကို ချန်ဖန်းအုပ်စု၊ ကကြီးချမ်းမြူအုပ်စု၊ ဟဟောင် အုပ်စု၊ ကော်လန်းအုပ်စု၊ ဟချွန်းဆာအုပ်စု၊ ရန်နောဆန်ရီ အုပ်စု၊ ကဲဆန်ဘောက်လွန်းအုပ်စု၊ ဟရှိတ်နုတ်ညိုအုပ်စုနှင့် ကဲဆန်ဆာလင်အုပ်စုစသည့် ကျေးရွာအုပ်စုများမှ ကျေးရွာ ပေါင်း ၁၈ ရွာနှင့် ဒုံဟီးမြို့ပေါ်မှ ရပ်ကွက်သုံးခု၊ အိမ်ခြေ ၁၅၅၀၊ လူဦးရေ ၁၀၃၃၄ ဦးတို့ အသုံးပြုနိုင်မည် ဖြစ်သည်။

လုပ်ငန်းအားလုံး သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော် သည် လက်ထောက်အင်ဂျင်နီယာ ဦးစိုးနိုင်၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ အလုပ်အမှုဆောင် ဦးလော်ယုံ နှင့် ခေတ္တနာဂဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲမင်းတို့ ပါဝင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မွှေးကြူဇင်