
နေပြည်တော် ဇန်နဝါရီ ၂၄
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဒုတိယနေ့တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ဆက်လက် ကျင်းပပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ ခေါင်းဆောင်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများက ပထမနေ့ဆွေးနွေးပွဲ၌ မပြီးပြတ်သေးသည့် နှစ်ဖက်အဆိုပြုချက်များကို ဆက်လက်ဆွေးနွေးညှိနှိုင်းကြပြီး နိုင်ငံရေးပါတီများ အစုအဖွဲ့ ၏ အလုပ်အဖွဲ့ပြင်ဆင်ဖွဲ့စည်းမည့်ကိစ္စအား နိုင်ငံရေးပါတီများ အစုအဖွဲ့ဘက်မှ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အထွေထွေဆွေးနွေးခြင်းကဏ္ဍ၌ နိုင်ငံရေးပါတီကိုယ်စားလှယ်များက ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာမှုရရှိရန် လုပ်ဆောင်သင့်သော အစီအမံများအား အကြံပြုဆွေးနွေးခြင်းကိစ္စရပ်များ၊ ပြည်သူများ၏ လိုအပ်ချက်များကို ဥပဒေကြောင်းအရ ဖြည့်ဆည်းပေးနိုင်ရေးကိစ္စရပ်များ၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် အစိုးရနှင့် ပြည်သူလက်တွဲ၍ ကျော်လွှားနိုင်ရေးကိစ္စရပ်များ၊ နိုင်ငံရေးဝါဒမှိုင်းများကြောင့် ဖြစ်ပေါ်လာသော PDF များကို နိုင်ငံတော်ရင်ခွင်သို့ ပြန်လည်ဝင်ရောက်မှု များပြားလာစေရေး အကြံပြုတင်ပြခြင်း ကိစ္စရပ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေအတွက်တိုးမြှင့်ခေါ်ယူရေးအကြံပြုချက်များအား ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက မိမိတို့၏ သဘောထားများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ၂ ရက်တာ တွေ့ဆုံဆွေးနွေးညှိနှိုင်းချက်များအရ အပြီးသတ်ရရှိသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခြင်းနှင့် ဆက်လက်ဆွေးနွေးရန် လိုအပ်သည့် နှစ်ဖက် အဆိုပြုချက်များ၊ နှစ်ဖက်ညှိနှိုင်းရရှိသည့် သဘောထားများကို သဘောထားစုစည်းချက်အဖြစ် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ပြီး လက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
