ပခုက္ကူ၊ သက်မွေးပညာ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ပခုက္ကူ) တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၆) ကို မေ ၈ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း (ပခုက္ကူ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်၏ ပြောကြားချက်အရ သိရသည်။
အဆိုပါသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းကို တစ်နှစ်လျှင် နှစ်ကြိမ် စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးနေပြီး မေလတွင် ဖွင့်လှစ်မည့်သင်တန်းမှာ ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ဖွင့်လှစ်ပို့ချမည့်သင်တန်းဖြစ်ကာ ဒေသခံအမျိုးသမီးများ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာစေရေးနှင့် အမျိုးသမီးများ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရှာဖွေပေးနိုင်ရေးတို့အတွက် ရည်ရွယ်ကာ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။
"အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၆) ကို သင်တန်းသူ ၃၅ဦးနဲ့ မေ ၈ရက်မှာ စတင်ဖွင့်လှစ်ပါမယ်၊ သင်တန်းကာလ ၂၂ ပတ်ကြာမြင့်ပါမယ်၊ သင်တန်းမှာ အခြေခံဖြစ်တဲ့ လက်ချုပ်ရိုး၊ စက်ချုပ်ရိုးတွေကနေစပြီး သတို့သမီးဝတ်စုံတွေချုပ်လုပ်နိုင်တဲ့အထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်မယ့် သင်တန်းသူတွေကို သင်တန်းသုံးပစ္စည်းတွေအပြင် စရိတ်ငြိမ်း သင်တန်းကနေ ထောက်ပံ့ပေးမှာဖြစ်ပါတယ်"ဟု ဒေါ်ခင်မိုးမြင့်က ပြောသည်။
အဆိုပါအဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းတွင် စက်ချုပ်နည်းများအပြင် မုန့်လုပ်နည်းနှင့် ဟင်းချက်ပြုတ်နည်းသင်တန်းများကိုလည်း တစ်ပတ်လျှင် တစ်ရက် ထည့်သွင်းသင်ကြား ပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ချိတ်ဆက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းသိရသည်။
© Copyright Ministry of Border Affairs 2019, All rights reserved.