
နေပြည်တော်၊ ဩဂုတ်လ ၂၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဝါတွင်းကာလ သံဃာတော်များ ဆွမ်းအခက်အခဲမရှိစေရန်အတွက် တမူးမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံးမှ တာဝန်ရှိသူများက ဩဂုတ်လ ၂၃ ရက်တွင် ဆန်၊ ဆီ ၊ ဆား ၊ ကုလားပဲ စသည့် လှူဖွယ် ပစ္စည်းများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ထို့သို့ လှူဒါန်းလျက်ရှိရာ တမူးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးဇော်လွင်ဦးက စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ် မြေနီကုန်းဘုန်းတော်ကြီး ကျောင်းရှိ ရဟန်း၊ သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ် လေးမျိုးတို့ကို ဆက်ကပ်လှူဒါန်းကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အခြားဘာသာရေးကျောင်းများသို့လည်း ဝါတွင်းကာလ ဆွမ်းကွမ်း အခက်အခဲ မရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးကို ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

