
မုံရွာ မေ ၉
မုံရွာမြို့၊ စစ်ကိုင်းမြို့နှင့် ချောင်းဦးမြို့တို့သို့ ရောက်ရှိနေထိုင်လျက်ရှိသည့်ယာယီ တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို မေ ၈ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ချင်းတွင်းခန်းမ၌ ကျင်းပသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယာယီတိုက်ပွဲ ရှောင်ပြည်သူများအား ဆန်ရိက္ခာများကို လည်းကောင်း၊ တိုင်းဒေသကြီးလုံချုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက အခြေခံစားသောက်ကုန် ပစ္စည်းများကိုလည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစောနိုင်က ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ပုံးများကို ယာယီတိုက်ပွဲ ရှောင်ပြည်သူများထံ ပေးအပ်ခဲ့ကြသည်။
အဆိုပါ မုံရွာမြို့၊ စစ်ကိုင်းမြို့နှင့် ချောင်းဦးမြို့တို့သို့ ရောက်ရှိနေထိုင်လျက်ရှိသည့် ယာယီတိုက်ပွဲ ရှောင်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆန် ၁၁၂၄ အိတ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးက ကြက်ဥ အလုံး ၄၅၇၀၊ ခေါက်ဆွဲခြောက်ထုပ် ၄၅၇၀၊ ကြက်သွန်နီ ၄၅၇ ပိဿာ၊ အာလူး ၄၅၇ ပိဿာ၊ ကျောင်းဝတ်စုံ ၁၅၀၊ ဗလာစာအုပ်ဒါဇင် ၁၅၀ နှင့် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ပုံး ၉၁၄ ပုံးတို့ကို အိမ်ထောင်စု ၉၁၄ စု၊ လူဦးရေ ၃၃၇၂ ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

