
နေပြည်တော် အောက်တိုဘာ ၁၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်နှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် သထုံမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်းနှင့် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများသို့ ရောက်ရှိ၍ ဝန်ထမ်းများအား ချီးမြှင့်ငွေများ ပေးအပ်ကာ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပါသည်။ ထို့နောက် သထုံမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိ သူများနှင့် တွေ့ဆုံ၍ လိုအပ်သောသင်ထောက်ကူပစ္စည်းများနှင့် ဘောလုံးကွင်း ပြေးလမ်းလိုအပ်ချက်များ အပေါ်မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် မုဒုံမြို့သို့ ရောက်ရှိခဲ့ပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ကျောင်းဝင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ချောင်းဆုံမြို့နယ်၊ ဒရယ်ကျေးရွာမှ တောင်စွန်းကျေးရွာသို့ ဆက်သွယ်မည့် ကလွီရွာရှောင်ကွင်း မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်မရောမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် မွန်ပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးတို့သို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ချီးမြှင့်ငွေများပေးအပ်ကာ ရုံးဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန် (၃) ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန စိုက်ပျိုးမွေးမြူရေးစခန်းသို့ ရောက်ရှိ စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

