ဂွမြို့ မြို့မရပ်ကွက်ရှိ မင်းတောင်သာသနာ့မြေ တောင်တက်ကွန်ကရစ် လမ်းသစ်နှင့် မင်းတောင် ဆုတောင်းပြည့် စေတီတော်မြတ်ကြီး မုခ်ဦးဖွင့်ပွဲကျင်းပ

စစ်တွေ၊ ဖေဖော်ဝါရီလ ၂၁ ရက်
    ရခိုင်ပြည်နယ် ဂွမြို့ မြို့မရပ်ကွက်ရှိ မင်းတောင်သာသနာ့မြေ တောင်တက်ကွန်ကရစ် လမ်းသစ်နှင့် မင်းတောင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး မုခ်ဦးဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ မန္တလေးမြို့ မဟာသုန္ဒရာရမ ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သာသနာ့ဓဇ အစိုးရဓမ္မာစရိယ ဘဒ္ဒန္တအာဝုဓ အမှူး ပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
    ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မင်းတောင်သာသနာ့ မြေ ကွန်ကရစ်လမ်းသစ်နှင့် မင်းတောင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး မုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး မင်းတောင် သာသနာ့မြေ တောင်တက်ကွန်ကရစ်လမ်းသစ်ကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာသုန္ဒရာ ရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် အလှူရှင်များဖြစ်ကြသည့် အဂ္ဂမဟာ သီရိ သုဓမ္မ မဏိဇောတဓရ ဒေါက်တာသာရင်မြတ်နှင့်ဇနီး သီဟသုဓမ္မသိင်္ဂီ ဒေါ်နွယ်နွယ်အေး မိသားစုတို့က ဂွမြို့ဒေသဖွံ့ဖြိုးရေးအတွက် အလှူငွေကျပ် သိန်း ၁၀၀ ကို ပေးအပ်လှူဒါန်းရာ မြို့နယ် အုပ်ချုပ်ရေးမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ 
    ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာသုန္ဒရာ ရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ အနုမောဒနာတရား နာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သတင်းရရှိသည်။ 

video-upload