စက်တင်ဘာလ ၂၅ ရက်
ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းများ၊ ပြည်ထောင်စုလမ်းမကြီးများနှင့် ဆက်သွယ်သည့် Class A, Class B နှင့် Class C အဆင့် လမ်းများတိုးချဲ့ဆောင်ရွက်ရေးနှင့် လုပ်ငန်းများမထပ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွှဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ခေတ္တညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် “အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့ရသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြည်နယ်/ ပြည်မ အကြားအလပ် မရှိစေရေး အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ပေးရန်” ဟူသော မဟာဗျူဟာချမှတ်ချက်နှင့်အညီ ပြည်နယ် ၇ ခုနှင့် တိုင်းဒေသကြီး ၂ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတို့တွင်သာမက ဖွံ့ဖြိုးမှုအားနည်းသော ဒေသများတွင်လည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်၊ မဟာဗျူဟာ၊ မူဝါဒများနှင့်အညီ ဖွံ့ဖြိုးရေးဆိုင်ရာ လမ်းတံတားလုပ်ငန်းများကို ပြည်နယ်/ ပြည်မ အကြားအလပ်မရှိ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းများ၊ Class A, Calss Bနှင့် Calss C အဆင့် လမ်းများအား တိုးချဲ့ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊
ဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရာတွင် လုပ်ငန်း သဘောသဘာဝ ဆက်စပ်လျက်ရှိသည့် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်၍ ကျေးလက်နေ ပြည်သူများ၏ လိုအပ်ချက်ရှိသော လမ်းတံတားကဏ္ဍကို အကြားအလပ် မရှိစေရန်၊ လုပ်ငန်းများမထပ်စေဘဲ ထိထိရောက်ရောက်ဖြင့် လျာထား ဆောင်ရွက်နိုင်ရန်အတွက် ဒေသများ၊ ကျေးရွာအုပ်စုများ သတ်မှတ်ခြင်း၊ လမ်းပိုင်းများ သတ်မှတ်ခြင်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါသဖြင့် ယခုညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊
အဓိကအားဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဖွံ့ဖြိုးရေးဆောင်ရွက်နေသည့် ဒေသများကို အခြေခံ၍ လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စိစစ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လမ်း၊ တံတားလုပ်ငန်းများကို လုပ်ငန်းလိုအပ်ချက်ရှိသည့်အတိုင်း ကွင်းဆင်းလျာထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ကွင်းဆင်းစိစစ်ရာ၌ အမှန်တကယ်လိုအပ်ချက်ရှိသည့် လမ်းပိုင်းများကို လျာထားဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပေးကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ဆဲ လမ်း တံတားလုပ်ငန်းများ၊ ထပ်မံတိုးချဲ့ ဆောင်ရွက်သွားမည့် လျာထားလုပ်ငန်းများ၊ လမ်းအဆင့်သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ခေတ္တညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက လျာထားလုပ်ငန်းများ၊ လမ်းအဆင့်သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ အကြံပြု တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများက ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။