ဖယ်ခုံ မေ ၁၀
ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု၌ နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ခေါင်းအိ-ကောင်ဝှပ်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို မေ ၈ ရက်က မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ကျော်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
“ခေါင်းအိ-ကောင်ဝှပ်လမ်းသည် ၇ မိုင် ၄ ဖာလုံရှည်၍ မြေသားလမ်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အပြီးသတ်နိုင်ခဲ့ကြောင်း၊ ယင်းဘဏ္ဍာနှစ်တွင် ကျောက်ချောလမ်းနှစ်မိုင်လည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရရန်ပုံငွေကျပ် ၂၄၉ ဒသမ ၂၀ သန်းနဲ့ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းနှစ်မိုင်အား 4B 3S ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေကြောင်း” လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ကျော်က ပြောသည်။
အဆိုပါကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ကျော်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပြီး ဦးမောင်မောင်ကျော်က လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ လုပ်ငန်းအရည်အသွေးပြည့်မီရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ခေါင်းအိကျေးရွာမှ ကောင်ဝှပ်ကျေးရွာအထိ ၇ မိုင် ၄ ဖာလုံရှည်ပြီး လမ်းတစ်လျှောက်တွင် ကွန်ကရစ်တံတား သုံးစင်း၊ Box Culvert ရှစ်ဆင်း၊ ရေထုတ်ပြွန် ကိုးစင်းပါဝင်ကြောင်း၊ လုပ်ငန်းများအားလုံးပြီးစီးပါက ၎င်းလမ်းနှင့် ဆက်စပ်လျက်ရှိသည့် ကျေးရွာလေးရွာမှ အိမ်ထောင်စု ၈၁၀၊ လူဦးရေ ၃၀၈၀ ဦးတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း သိရသည်။