ခန္တီး အောက်တိုဘာ ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေကျပ် ၁၉၅ ဒဿမ ၂၆၈ သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် ခန္တီး- တိန်းအင်- လက်ပံသာ- မှန်ပင်- ကောင်းမှု- ဖောင်ဆိုင်- ပဒူးမုန်းရွာသစ် ကျေးရွာချင်းဆက် မြေသားလမ်း (၄၀/ ဝ)မိုင် အနက် (၁၀/ ဝ)မိုင် ဖောက်လုပ်ခဲ့ပြီး (၃၀/ ဝ)မိုင် အနက် (၅/ ဝ)မိုင် ဖောက်လုပ်ခြင်းနှင့် ၎င်းလမ်းပိုင်း (၅/ ဝ)မိုင်ပေါ်တွင် ငွေကျပ် (၁၉ ဒဿမ ၁၂၄) သန်းဖြင့် Box Culvert (၄)စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ရဲမင်းဇော်ထံမှ သိရသည်။
ယင်း ကျေးရွာချင်းဆက်လမ်းမဖောက်ခင် ဒေသခံပြည်သူများအနေဖြင့် ယခင်ရေကြောင်းခရီးကိုသာ အားကိုးအားထားပြုနေပြီး ယခုအခါ ခန္တီး- တိန်းအင်- လက်ပံသာ- မှန်ပင်- ကောင်းမှု- ဖောင်ဆိုင်- ပဒူးမုန်းရွာသစ် ကျေးရွာချင်းဆက်လမ်းဖောက်လုပ်ပြီးစီးပါက နေ့စဉ်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးလည်း ပိုမိုတိုးတက်ကောင်းမွန်လာမှုကြောင့် မြို့ပြနှင့် ကျေးလက်လူမှုဆက်ဆံရေးအားကောင်းလာစေပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိလာတော့ မည်ဟု ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
စနေမောင်မောင်(ခန္တီး)