ကရင်ပြည်နယ် ဘားအံမြို့၌ ဝန်ထမ်းအိမ်ရာဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး

ဘားအံ အောက်တိုဘာ ၈

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးတွင် ဒေသဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတားလုပ်ငန်းများ တည်ဆောက်ခြင်း၊ သောက်သုံးရေ အခက်အခဲရှိသည့် ဒေသများတွင် ရေတွင်း ရေကန်များ တူးဖော်ပေးခြင်းလုပ်ငန်း၊ လျှပ်စစ်မီးအခက်အခဲရှိသည့် မြို့နယ် ကျေးရွာများအတွက် ဆိုလာပါဝါစနစ် ထောက်ပံ့ပေးခြင်း၊ တန်ဖိုးနည်း ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်း လုပ်ငန်းများကိုဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အပြင် မိမိဝန်ကြီးဌာန ဝန်ထမ်းများအတွက်လည်း နေအိမ်များအခက်အခဲမရှိစေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်နယ်ရုံးမျာ၊ ခရိုင်ရုံးများ၊ မြို့နယ်ရုံးများတွင် ဘဏ္ဍာနှစ်အလိုက် ဝန်ထမ်းအိမ်ရာများ တည်ဆောက်ပေးလျက်ရှိသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၀၆ ဒသမ ၅၉၅ သန်းဖြင့် ဘားအံမြို့ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတွင် (၅၂'x၃၆'x၂၂') ရှိ နှစ်ခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာ တစ်လုံးကိုလည်းကောင်း၊ ဘားအံမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတွင် ခွင့်ပြုရန်ပုံငွေကျပ် ၁၅၃ ဒသမ ၉ သန်းဖြင့် (၉၀'x၃၀'x၂၂') ရှိ လေးခန်းတွဲနှစ်ထပ် ဝန်ထမ်းအိမ်ရာတစ်လုံးကိုလည်းကောင်း တည်ဆောက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

အဆိုပါ ဘားအံမြို့ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် ဘားအံမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတွင် ဆောက်လုပ်ပြီးစီးသော ဝန်ထမ်းအိမ်ရာ အဆောက်အအုံများကို ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင်နှင့် အင်ဂျင်နီယာအဖွဲ့က အောက်တိုဘာ ၅ ရက်တွင် သွားရောက်စစ်ဆေးခဲ့သည်။

ငွေကြယ်