မော်လိုက်မြို့နယ် မိချောင်းတွင်း-တပ်ကုန်း ကျေးရွာချင်းဆက် မြေသားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်း ပြီးစီးမှုတို့အား ကွင်းဆင်းစစ်ဆေး

မော်လိုက်          မေ       ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ တိုင်းဒေသကြီးနယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် မိချောင်းတွင်း-တပ်ကုန်းကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေတို့အား ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာသို့ မော်လိုက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်သိန်း၊ ဦးလှိုင်မြင့်၊ တမူးခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်သန်း၊ မြို့နယ်စီမံခန့်ခွဲမှုခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦး တို့ပါဝင်အဖွဲ့သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်(၂၁၄ ဒဿမ ၈၀၀)သန်းဖြင့် Yoma Link ကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်ခဲ့သည့် လမ်းအရှည်(၅ မိုင် ၆ ဖာလုံ)ရှိ မိချောင်းတွင်း-တပ်ကုန်း ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပြီးစီးမှုအခြေအနေနှင့် ပတ်သက်၍ သတ်မှတ်ထားသည့် လုပ်ငန်းစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မိချောင်းတွင်း-တပ်ကုန်းကျေးရွာချင်းဆက်မြေသားလမ်း ဖောက်လုပ်ပြီးစီးပြီဖြစ်၍ တပ်ကုန်းကျေးရွာမှ မော်လိုက်မြို့သို့ အလွယ်တကူ သွားလာနိုင်တော့မည်ဖြစ်ပြီး လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများ ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဖြစ်ပြီး နယ်မြေလုံခြုံရေးများကိုလည်း ယခင်က ထက် ပိုမိုလုပ်ဆောင်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများသည် သာနန်းတော-မန်နွှဲ့-ကြုတ်သာကျေးရွာချင်းဆက်လမ်းပေါ်ရှိ သစ်သားတံတား(၅)စင်း ဆောက်လုပ် ပြီးစီးမှုတို့ကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မော်လိုက်သားလေး

Post Paragraph