မီးဘေးလုံခြုံရေး ဆွေးနွေးဟောပြောခြင်း နှင့် သရုပ်ပြလေ့ကျင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ဖေဖော်ဝါရီ လ ၂၁ ရက်   
    နယ်စပ်ရေးရာဝန်ကြီးဌာန၌ မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးဆိုင်ရာ ဆွေးနွေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်း အခမ်းအနားအား ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
   ရှေးဦးစွာမီးဘေးလုံခြုံရေးဆိုင်ရာ ဆွေးနွေးဟောပြောခြင်း အခမ်းအနားကို နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီ မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ဌေးက မီးဘေးလုံခြုံရေးဆိုင်ရာများ ရှင်းလင်း ပြောကြားပြီး နေပြည်တော်ကောင်စီ မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းထွေး နှင့် ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစိုးသက်နောင် တို့မှ မီးဘေးအန္တရာယ် ကာကွယ်ငြှိမ်းသတ်ခြင်းများ  နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့ကြသည်။ 
   ဆက်လက်၍ မီးငြှိမ်းသတ် သရုပ်ပြလေ့ကျင့်ခြင်းအား ဝန်ကြီးဌာန၊ စိုက်ပျိုးမွေးမြူရေးဇုံ အနီးရှိ လျှိုပိတ်ဆည်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးတို့က မီးလောင်ကျွမ်းမှု ဖြစ်ပေါ်လာပါက ငြှိမ်းသတ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်းများနှင့်အတူ လက်တွေ့ သရုပ်ပြ လေ့ကျင့်ခဲ့ကြသည်။
   အဆိုပါ သရုပ်ပြလေ့ကျင့် ဆောင်ရွက်နေမှုများအား နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညို၊ ဌာနအကြီးအကဲများ နှင့် ဝန်ထမ်းများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။