နေပြည်တော်၊ ဇန်နဝါရီလ ၉ ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား “မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည် ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာနှစ်စောင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ညွှန်ကြားရေးမှူးချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန နှင့် ဥပဒေရေးရာဝန်ကြီးဌာန တို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး ဒုတိယအကြီးအကဲ Mr. Ashish Sharma နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
လက်မှတ်ရေးထိုးပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး ဒုတိယအကြီးအကဲ Mr. Ashish Sharma က နားလည်မှုစာချွန်လွှာနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညို နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး ဒုတိယ အကြီးအကဲ Mr. Ashish Sharma တို့က နားလည်မှုစာချွန်လွှာများအား လက်မှတ်ရေးထိုးခဲ့ကြပြီး အပြန်အလှန် လဲလှယ်ခဲ့ကြပါသည်။
Quick Impact Projects (QIP) သည် စီမံချက်တန်ဖိုးအားဖြင့် စီမံချက် တစ်ခုလျင် အမေရိကန် ဒေါ်လာ ၅၀,၀၀၀ တန်ဖိုး ခွင့်ပြုပေးပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုူ စီးပွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် အိန္ဒိယသမ္မတနိုင်ငံအစိုးရမှ ပံ့ပိုးကူညီပေးခြင်းဖြစ်ပါသည်။
အဆိုပါ နားလည်မှုစာချွန်လွှာများအရ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်ရှိ တိုက်ရံကျေးရွာအနီး ကုန်းမြင့်လယ်ယာ ဘက်စုံသုံး ခန်းမ (၆၀ x၃၀ x၁၂) ပေ Steel Structure တစ်ထပ် တည်ဆောက်ခြင်း၊ လဟယ်-နန်းယွန်း ၃ မိုင် ၆ ဖာလုံ လမ်းခွဲမှ လောင်ကျန်း နောက်ကုန်း- တိုက်ရံ-လန်ထိန်လမ်းခွဲကြား ပေ ၂၀ နှစ်လွှာ တစ်ထပ်ဘေလီတံတား ၁ စင်းနှင့် (၅x ၅x ၂၆) ပေ Box Culvert ၄ စင်း တည်ဆောက်ခြင်း စီမံကိန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
© Copyright Ministry of Border Affairs 2019, All rights reserved.