မွန်ပြည်နယ်အတွင်း ဆိုလာရေတင်စနစ်ဖြင့် သီးနှံများ စိုက်ပျိုးအောင်မြင်လျက်ရှိ

   နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်အတွင်း လမ်းတံတားလုပ်ငန်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း၊ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်း စသည်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း ၂၈ ခုကို ခွင့်ပြုရန်ပုံငွေကျပ် ၂၄၈၃ ဒသမ ၂၆၄ သန်းဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ပေးခဲ့သည်။
    နယ်စပ်ဒေသဖွံ့ဖြိုး‌ရေး ခွင့်ပြုရန်ပုံငွေကျပ် ၉၉ ဒသမ ၄၀၀ သန်းဖြင့် ဆိုလာရေတင် စနစ်ခုနစ်စုံကို မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရိုးဂိုး၊ မုဒုံမြို့နယ် ကျောက်တစ်လုံး၊ ကျိုက်မရော မြို့နယ် လက်ပန်၊ သံဖြူဇရပ်မြို့နယ် ဖောင်စိန်၊ သထုံမြို့နယ် မြေနီကုန်း၊ ပေါင်မြို့နယ် ဖြူဘနှင့် ကတွန်ကျေးရွာတို့တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း တပ်ဆင်ပြီးစီးခဲ့ပြီး နွေစပါး၊ နေကြာစသည့် ဒုတိယသီးနှံများ၊ ဟင်းသီးဟင်းရွက်နှင့်ပန်းမျိုးစုံတို့ စိုက်ပျိုးအောင်မြင်လျက် ရှိကြောင်း၊ ဆိုလာ‌ရေတင် စနစ်တစ်စုံစီတွင် မြင်းကောင်ရေ ၅ ကောင်အားပန့်ကို အသုံးပြုထားပြီး တစ်နာရီလျှင် ရေထွက်နှုန်း ဂါလန် ၃၀၀၀၀ ခန့် ရရှိသဖြင့် သီးနှံများ တိုးချဲ့စိုက်ပျိုးရေးအတွက် များစွာအကျိုးရှိကြောင်းနှင့် တောင်သူများအတွက် စိုက်ပျိုးထုတ်လုပ်မှုစရိတ် သက်သာစေကြောင်း သိရသည်။
 

Post Paragraph