မုန်တိုင်းသင့်ပြည်သူများအား စားသောက်ဖွယ်ရာများထောက်ပံ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး

စစ်တွေ ဇွန် ၁၀
စစ်တွေမြို့၌ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယနေ့နံနက်ပိုင်းတွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သောစစ်တွေမြို့ပေါ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းအိမ်ရာများ ပြုပြင်ပြီးစီးမှုနှင့် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ မြေပြင် ကွင်းဆင်း၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ကြည့်ရှုအားပေး ကြသည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် အဖွဲ့သည် စစ်တွေမြို့ ဘောလုံးကွင်း ရပ်ကွက်ရှိ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းအိမ်ရာနှင့် ပြည်တော်သာရပ်ကွက်ရှိ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းအိမ်ရာတို့သို့ရောက်ရှိကြပြီး အိမ်ရာများပြန်လည်ပြုပြင် ပြီးစီးမှုအခြေအနေ၊ ဝန်ထမ်းမိသားစုများ၏ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်စားသောက်မှု အခြေအနေ တို့ကိုမေးမြန်းကာ ဝန်ထမ်းများအား ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ဖွယ်ရာများ ချီးမြှင့် ပေးအပ်သည်။
ထို့နောက် ပြည်တော်သာရပ်ကွက်ရှိဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်း အိမ်ရာနှင့် မင်းဂံရပ်ကွက်ရှိနယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာတို့သို့သွားရောက်၍ ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေကို ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများအား ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ဖွယ်ရာများချီးမြှင့်ပေးအပ်ကာ ရင်းရင်းနှီးနှီးနှုတ်ဆက် ၍အားပေးစကား ပြောကြားသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့သည် စစ်တွေမြို့နယ်သင်ပုန်းတန်း ကျေးရွာ သင်ပုန်းတန်းကျောင်း တိုက်သို့ရောက်ရှိကြပြီး စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများနှင့် ခုတင်(၅၀) ဆံ့ စစ်တွေတိုင်းရင်းဆေးရုံမှသမားတော်ကြီးများ မြေပြင်ကွင်းဆင်း၍ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ကျန်းမာရေး အသိပညာပေးနေမှုတို့ကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူ ကြသည့်လူနာများ၏ ကျန်းမာရေး အခြေအနေများကိုမေးမြန်းပြီး အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ် သည်။
အဆိုပါ ကျန်းမာရေးစောင့် ရှောက်မှုပေးနေသည့်အဖွဲ့တွင် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှ သမားတော်ကြီး၊ မျက်စိ၊ သွားနှင့် ခံတွင်း၊ အရိုး၊ အရေပြား၊ သားဖွား မီးယပ်၊ ကလေးနှင့် ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ စစ်တွေတိုင်းရင်းဆေးရုံမှ သမားတော်ကြီး များနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနမှ Medical Team တို့ပူးပေါင်းပါဝင်၍ စစ်တွေမြို့ရှိဒေသခံပြည်သူများအား နယ်မြေကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့သည် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ကျင်းပသည့် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီအလိုက် တာဝန်ရှိသူများက သဘာဝဘေးပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီးများက ကူညီ ထောက်ပံ့မှုများကို ဘေးသင့်ဒေသများနှင့် ပြည်သူများညီညွတ်မျှတစွာရရှိအောင် ထိန်းညှိဆောင်ရွက် သွားရေး၊ ပြည်တွင်း ပြည်ပမှ လှူဒါန်းမှုများ၊ ကူညီထောက်ပံ့မှုများနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖြည့်စွက် ဆွေးနွေးကြသည်။
တင်ပြ ဆွေးနွေးမှုများနှင့်စပ်လျဉ်းပြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က သာသနိက အဆောက်အဦများ အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ရေး ဆောက်လုပ်ရေးပစ္စည်းများနှင့် လိုအပ်သည့် သစ်များရရှိစေရေးအတွက် ဦးစားပေးစီမံဆောင်ရွက်ပေးရန်၊ အသစ်ပြန်လည်တည်ဆောက်ရန် လိုအပ်သော ကျောင်းများမှ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံစသည့် ယာယီနေရာများတွင် ပညာသင်ကြားနေကြသော ကျောင်းသားကျောင်းသူများအား ယာယီစာသင်ဆောင်များဖြင့် စာသင်ကြားနိုင်ရေး စီမံဆောင်ရွက် ပေးရန်၊ စစ်တွေမြို့ပေါ်တွင် စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုများ မရှိစေရေးနှင့်စနစ်တကျ အမှိုက်စွန့်ပစ် သည့်အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းစေရေးပညာပေးဆောင်ရွက်သွားရန် ဖြည့်စွက်ဆွေးနွေး မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
ညနေပိုင်းတွင် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အသုံးပြုရန် စက်မှုဝန်ကြီးဌာန ဆေးဝါးစက်ရုံ (အင်းစိန်)မှ ထုတ်လုပ်သည့်ဆေးဝါးများကို လာရောက်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းကလက်ခံရယူပြီးကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားအမြန်ပြန်လည် ရရှိစေရေးအတွက် မေ ၁၈ ရက်မှ စတင်၍လူအင်အား၊ စက်ယန္တရား အင်အားများစုဖွဲ့ပြီး အင်တိုက် အားတိုက်ဆောင်ရွက်ခဲ့ရာ ၂၃၀ ကေဗွီ အမ်း - မြောက်ဦး - ပုဏ္ဏား ကျွန်း ဓာတ်အားလိုင်းနှင့် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - စစ်တွေ ဓာတ်အားလိုင်းတို့ကို ဇွန် ၇ ရက်တွင် ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက် နိုင်ခဲ့သဖြင့် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့တို့၌ မေ ၇ ရက် ညပိုင်းမှစတင်၍ လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်သည်။ ဆောင်ရွက်ရန်ကျန်ရှိသည့် ၆၆ကေဗွီ ပုဏ္ဏားကျွန်း-ကျောက်တော်၊ ပုဏ္ဏားကျွန်း-မြောက်ဦး၊ ပုဏ္ဏားကျွန်း-ရသေ့တောင်၊ ရသေ့တောင်-ဘူးသီးတောင် ဓာတ်အားလိုင်း ပြင်ဆင်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိရာ ဇွန်လ စတုတ္ထပတ်နှင့် ဇူလိုင်လ ပထမပတ်တို့တွင် ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်၍ မြို့နယ်အားလုံးသို့ လျှပ်စစ်ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
 

Post Paragraph
video-upload