နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်း မြန်မာ၊ အိန္ဒိယ ချစ်ကြည်ရေးစီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

နန်းယွန်း အောက်တိုဘာ ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာ၊ အိန္ဒိယချစ်ကြည်ရေးစီမံကိန်းဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ နန်းယွန်း-ပန်ဆောင်လမ်း ကျောက်လမ်း(၈/ဝ)မိုင် ဆောင်ရွက်ပြီးစီးမှုအခြေအနေအား နန်းယွန်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးထွန်းကျော်နိုင်၊ နန်းယွန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရးရုံးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးဦးဘိုဘိုကျော်နှင့်အဖွဲ့တို့က အောက်တိုဘာလ ၁၀ ရက်နေ့တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ မြန်မာ၊ အိန္ဒိယချစ်ကြည်ရေးစီမံကိန်းဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပထမအကြိမ်မှ စတုထ္ထအကြိမ်အထိ မြေလမ်း(၁၇၁/၂)မိုင်၊ ကျောက်လမ်း(၈/ဝ)မိုင်၊ ကတ္တရာလမ်း (၂/၃)မိုင်၊ ကွန်ကရစ်တံတား(၄)စင်း၊ ဘေလီတံတား(၉)စင်း၊ ကြိုးတံတား(၃)စင်း၊ Box Culverts (၆၆)စင်း၊ စာသင်ကျာင်း(၂၇)ကျောင်း၊ ဆေးပေးခန်း(၉)ခုနှင့် မြေထိန်းနံရံ(၁)ခု စုစုပေါင်းငွေ ကျပ် (၁၀၇၇၀.၁၁၆)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွာဘဝများ ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း သိရသည်။

ဟန်ကမ်း(ပြန်/ဆက်)