နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တောင်ကြီးမြို့၌ ကျင်းပသော (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်

တောင်ကြီး ဖေဖော်ဝါရီ ၇
   (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက တောင်ကြီးမြို့ အဝေယာမီးပုံးပျံကွင်း၌ ကျင်းပသည်။
   အခမ်းအနားတွင် အာခါတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့က “စေးစေး” သီချင်းဖြင့် ဖျော်ဖြေကပြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်း အနားသို့ ပေးပို့သည့်သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်းက ဖတ်ကြားသည်။
အတူလက်တွဲ တည်ဆောက်
   ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက (၇၆)နှစ်မြောက် ရှမ်းပြည်နယ် နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများအားလုံး အမြန်ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲပြန်လည် ကျင်းပနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ရှေးနှစ်ပေါင်းမျာစွာက တည်းကပင် တစ်မြေတည်းနေ တစ်ရေတည်းသောက် အေးအတူပူအမျှ အတူတကွ နေထိုင်ခဲ့ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ စည်းလုံးညီညွတ်မှုကို သက်သေထူခဲ့သော နေ့ထူးနေ့မြတ် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် ရှမ်းပြည်နယ်ကြီး တည်ငြိမ် အေးချမ်းစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာပြီး တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး ငြိမ်းချမ်းလုံခြုံစွာ ဥမကွဲသိုက်မပျက်နေထိုင်နိုင်သော ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်ကြီးကို အတူလက်တွဲ တည်ဆောက်သွားကြရန် ပြောကြားသည်။
   ထို့နောက် လီဆူတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့က လီဆူရိုးရာ ယဉ်ကျေးမှု နှစ်သစ်ကူး အကဖြင့် ဖျော်ဖြေကပြပြီး (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းရရှိသူများကို ဆုများချီးမြှင့်ရာ ဘာသာ၊ သာသနာဆိုင်ရာ ထူးချွန်ဆုရရှိသူများနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု ရရှိသူများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာကျော်ထွန်း၊ ဦးရွှေကြိမ်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆုရရှိသူများနှင့် စိုက်ပျိုးရေး ဆိုင်ရာ ထူးချွန်ဆုရရှိသူများကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ တိုင်းရင်းသား လူမျိုးမျာရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မွေးမြူ ရေးထူးချွန်ဆု ရရှိသူများနှင့် လူမှုရေးဆိုင်ရာ ထူးချွန်ဆုရရှိသူများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသမှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အားကစား ထူးချွန်ဆုရရှိသူများကို ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းတို့က ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင် ဆုပစ္စည်းများကို ချီးမြှင့်ပေးအပ်ကြပြီး ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် အဖြစ် ဆိုလာ အစုံ ၂၅၀ ကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးက ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လက်ခံရယူသည်။
ဖျော်ဖြေတင်ဆက်
   ထို့နောက် ရှမ်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကအဖွဲ့က ရှမ်းရိုးရာ အကအလှများ၊ “ဝ” တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက အဖွဲ့က “ဝ” တို့ရိုးရာ “အေးဟာဟာ” သီချင်း၊ “ပအိုဝ်း” တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုအဖွဲ့က ပအိုဝ်းတိုင်းရင်းသားရိုးရာ အိုးစည်ဗုံမောင်း အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
   ထို့နောက် (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ ပြခန်းများဖွင့်ပွဲ ကျင်းပရာ ပြခန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာကျော်ထွန်း၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်နှင့် Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဧည့်သည်တော်များက ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
 

Post Paragraph
video-upload