
နေပြည်တော် ဇွန် ၁၄
စစ်တွေမြို့သို့ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မောင်တောမြို့နှင့် ဘူးသီးတောင်မြို့များသို့ သွားရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမများ၌ ဌာနဆိုင်ရာများ၊ ကူညီကယ်ဆယ် ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား သီးခြားစီ တွေ့ဆုံအမှာစကားပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်
ဦးစွာ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့တို့မှ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌများ နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကြီးကြပ်ရန် တာဝန်ပေးအပ်ထားသည့် အရာရှိကြီးများက မုန်တိုင်းတိုက်ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးမှုများနှင့် ပြန်လည်ထူထောင်ရေး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ပျက်စီးသွားသော အဆောက်အဦများအတွက် ဆောက်လုပ်ရေး ပစ္စည်းများ ဖြည့်ဆည်းပေးနေမှု၊ ရိက္ခာပြတ်လပ်မှု မရှိစေရေးစီမံထားရှိမှု၊ ပျက်စီးသွားသောကျောင်းများ အမြန်ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုများကို တင်ပြရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အသေးစိတ်ဆွေးနွေးရှင်းလင်းပြောကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးအတွက် Disaster Management Centre-DMC ၏ ဆောင်ရွက်နေမှု အခြေအနေများ၊ ပညာရေး၊ ကျန်းမာရေး၊ သာသနိကဆိုင်ရာ အဆောက်အဦများ၊ ရုံး/ဌာနဆိုင်ရာ အဆောက်အဦများအလိုက် ဦးစားပေးဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်သူများ အားလုံး အမိုးအကာအောက်ရောက်ရှိရေး ဦးစားပေးဆောင်ရွက်နေသည့်အခြေအနေများ၊ မိုးရာသီတွင် စိုက်ပျိုးရေးအတွက် ထွန်ယက်မှုနှင့် မျိုးစေ့လိုအပ်မှုအတွက် စီမံဆောင်ရွက်ပေးမှုအခြေအနေများ၊ ဇွန် ၁ ရက်အမီ ကျောင်းဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းများပြုပြင်နေဆဲကာလ ကျောင်းသား ကျောင်းသူများ အမိုးအကာအောက်တွင် စာသင်ကြားနိုင်ရေးဆိုင်ရာ စီမံဆောင်ရွက်ခဲ့မှုအခြေအနေများ၊ မြို့နယ်များ အလိုက် ဆက်သွယ်မှုကောင်းမွန်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ရခိုင်ပြည်နယ်အတွင်း ၉၉ ရာခိုင်နှုန်း ပြီးစီးခဲ့မှုအခြေအနေများ၊ အခြေခံလူတန်းစား စားဝတ်နေရေးပြေလည်စေရေး မုန်တိုင်းမတိုက်ခတ်မီ အရန်ဆန်တန်ချိန် ၁၀၀၀၀(အိတ် ၂၀၀၀၀၀) စုဆောင်းခဲ့မှုအခြေအနေများ၊ ညီညွတ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် အမြန်ဆုံးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည့် အစဉ်အလာ ကောင်းကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်သည့် အခြေအနေများအား အသေးစိတ်ဆွေးနွေး ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်
ထို့နောက် ဌာနဆိုင်ရာများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် မောင်တောမြို့နှင့် ဘူးသီးတောင်မြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်၍ ဆရာ တော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် မောင်တောမြို့နှင့် ဘူးသီးတောင်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၌ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အဆောက်အဦများအား ပြန်လည်ပြင်ဆင်နေမှုအခြေအနေများနှင့် ဆေးရုံ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအား လိုက်လံကြည့်ရှုအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် မောင်တောမြို့နှင့် ဘူးသီးတောင်မြို့များရှိ နယ်မြေခံတပ်ရင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ၎င်းတို့၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



