နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သဘာဝဘေးဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တပ်နယ်များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော် ဇူလိုင် ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ သဘာဝဘေးဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ နှင့် တပ်နယ်များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြမည်ဆိုပါက ဒေသတစ်ခုချင်းမှ အစပြု၍ နိုင်ငံတော်ကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရသေ့တောင်တပ်နယ်နှင့် ဘူးသီးတောင်တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံ တပ်ခန်းမများ၌ သီးခြားစီ တွေ့ဆုံအမှာစကားပြောကြားရာတွင် မေ ၁၄ ရက်တွင် ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်ခဲ့ကြောင်း၊ မေ ၁၅ ရက်တွင် မိမိအနေဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေတပ်နယ်သို့ရောက်ရှိခဲ့ပြီး သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများကိုကြည့်ရှုကာ လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းရှိ အခြားသောတပ်နယ် များ သို့လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အခြားသော တပ်မတော်အဆင့်မြင့် အရာရှိကြီးများကိုစေလွှတ်၍ ပျက်စီးဆုံးရှုံးမှုများအား ကြည့်ရှုစစ်ဆေးစေခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို စီမံခန့်ခွဲ ဆောင်ရွက်စေခဲ့ကြောင်း၊ ရသေ့တောင်တပ်နယ်သည် မုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းပေါ်တွင် တည်ရှိနေသည့်အတွက် မုန်တိုင်းဒဏ်ကို များစွာခံခဲ့ရပြီး အပျက်အစီးများစွာရှိခဲ့ကြောင်း၊ ပျက်စီးမှုများ အလိုက် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ မိမိတို့မိသားစု အလိုက်လည်း ပြင်ဆင်နိုင်သည်မှန်သမျှကို ပြင်ဆင်ထားရှိရန်လိုကြောင်း၊ မိုးတွင်းကာလဖြစ်သဖြင့် လုံလုံခြုံခြုံဖြင့် နေထိုင်နိုင်ရေး ဦးစွာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘူးသီးတောင်တပ်နယ်အနေဖြင့် ထိခိုက်မှု အနည်းငယ်သာရှိခဲ့သည်ကို တွေ့ရှိရကြောင်း။
ရခိုင်ပြည်နယ်အတွင်း မိုခါမိုတိုင်းဖြစ်ပေါ်ခဲ့ချိန်တွင် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက် နိုင်ခဲ့ခြင်းကြောင့် အသေအပျောက်အနည်းဆုံးဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ရာတွင် နိုင်ငံအတွက် စိတ်ကောင်းစေတနာ ကောင်းဖြင့် ဆောင်ရွက် လျက်ရှိပြီး မည်သူတရားပျက်ပျက် ကိုယ်မပျက်သည့် စိတ်ဖြင့်ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့နိုင်ငံတော် တာဝန်ကို ထမ်းဆောင်ချိန်ကာလအတွင်း ဘက်ပေါင်းစုံမှတိုက်ခိုက်မှု များနှင့် ပိတ်ဆို့မှုများရှိကြောင်း၊ ထိုသို့နိုင်ငံရေးအခက်အခဲများကြုံတွေ့နေရချိန်၌ မိုခါမုန်တိုင်းကျရောက် ခဲ့ခြင်းကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိနိုင်ကြောင်း။
မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း များနှင့် ပတ်သက်၍ ရှိသမျှအင်အားဖြင့် အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ခဲ့ကြောင်း၊ မုန်တိုင်းသင့် ဒေသအတွက် စေတနာရှင်ပြည်သူများကလည်း အလှူငွေများကို သဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်း ခဲ့ကြကြောင်း၊ ပြည်ပနိုင်ငံအချို့မှလည်း ကူညီဆောင်ရွက်ပေးမှုများရှိကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်း၌သာ ရှိသည်ဆိုသည့်အတိုင်း ပြည်တွင်းအားကို အဓိကထား၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ချိန်တွင် ဒေသအလိုက်တပ်များတွင်လည်း ပျက်ဆီးဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့သဖြင့် ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ပြင်ဆင်ဆောင်ရွက် ရာတွင်လည်း ရေရှည်ခိုင်ခံ့မှုရှိစေရေးအတွက်ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်သဖြင့် အချိန်အတိုင်းအတာ တစ်ခုအထိ ကြာမြင့်နိုင်ကြောင်း၊ ထို့ကြောင့် အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် စိတ်ဓာတ်ရေးရာ အရ ကြံ့ကြံ့ခံ၍ နေထိုင်ဆောင်ရွက်ကြစေလိုကြောင်း။
တပ်မတော်သားတိုင်းအနေဖြင့် မိမိကိုယ်ကို၊ မိမိဒေသ၊ မိမိတိုင်းပြည်ကို ကာကွယ်နိုင်ရေး စစ်အတတ်ပညာများကို တတ်မြောက်ကျွမ်းကျင်နေရမည်ဖြစ်ကြောင်း၊ ထို့ပြင် လေ့ကျင့်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင် နေရန်လိုကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်မှုနှင့် စားသောက်မှုများရှိရမည်ဖြစ်ကြောင်း၊ အရက်သေစာ သောက်စားခြင်း၊ ဆေးလိပ် သောက်သုံးခြင်းတို့နှင့်ပတ်သက်၍လည်း တစ်ဦးချင်းထိန်းသိမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ မိမိဘဝ အောင်မြင်တိုးတက်ရေးအတွက် မိမိကိုယ်ကို အလိုမလိုက်ရန်နှင့် ထိန်းထိန်းသိမ်းသိမ်း နေထိုင်ကြရန် လိုကြောင်း။
ဒေသခံပြည်သူများသည် မိမိတို့၏တိုင်းရင်းသားများဖြစ်ပြီး တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်းအတူရှူနေကြသူများဖြစ်သဖြင့် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဖြင့် သူ့အကျိုးဆောင်၊ ကိုယ့်အကျိုးဆောင်ဖြင့် နေထိုင်သွားမည်ဆိုပါက ဒေသတိုးတက်မှုကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ တပ်တွင်းတပ်ပြင် စည်းလုံးညီညွတ်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ယခု သဘာဝဘေးဒဏ်ကျ ရောက်ခဲ့ချိန်တွင်လည်း အစိုးရ၊ တပ်မတော်တို့ပူးပေါင်း၍ ဒေသ၏အကျိုးစီးပွား များကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြမည် ဆိုပါက ဒေသတစ်ခုချင်းမှအစပြု၍ နိုင်ငံတော်ကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တပ်နယ်အသီးသီး မှ တပ်ရင်းတပ်ဖွဲ့များအတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုလည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းများအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူကြသည်။
တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး တပ်နယ်များရှိ တပ်နယ်တပ်ရင်းများအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရသေ့တောင်မြို့နှင့် ဘူးသီးတောင်မြို့တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်း များနှင့် မြို့မိမြို့ဖများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမများ၌ သီးခြားစီတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံရာ၌ ရသေ့တောင်မြို့နယ်တွင် အထူးတာဝန်ပေးအပ်ထားသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် ရသေ့တောင်မြို့နယ် မြို့မိ၊ မြို့ဖများက ရသေ့တောင်မြို့နယ် အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကူညီ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိမှု၊ ရသေ့တောင်မြို့နယ် အတွင်း သဘာဝဘေးဒဏ်ခံအဆောက်အဦ Shelter များ ဆောက်လုပ်ရန် လျာထားဆောင်ရွက် လျက်ရှိမှုနှင့် ဆန်၊ ဆီနှင့် မိုးကာစများ လိုအပ်ချက်များကို ဆက်လက်ထောက်ပံ့ပေးရန်လိုအပ်မှု၊ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ရသေ့တောင်မြို့ ကျက်သရေဆောင် သာသနိက အဆောက်အဦများကို ပြန်လည်ပြင်ဆင်ပေးစေလိုမှုနှင့် ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးစေလိုမှုတို့ကို လည်းကောင်း၊ ဘူးသီးတောင်မြို့မှ မြို့မိမြို့ဖများက မောင်တော - ဘူးသီးတောင် ဆက်သွယ်ထားသည့် လမ်းကြောင်းတစ်လျှောက်သန့်ရှင်းသာယာလှပရေး ဆောင်ရွက် ပေးစေလိုမှု၊ ဘူးသီးတောင်မြို့နယ်ဆေးရုံ၌ သားဖွားဆရာဝန်လိုအပ်လျက်ရှိမှု၊ နွေရာသီတွင် သောက်သုံးရေလိုအပ်ချက်ရှိသဖြင့် သောက်သုံးရေ သိုလှောင်ကန် ဆောင်ရွက်ပေးစေလိုမှုတို့ ကိုလည်းကောင်း အသီးသီးရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးမှုများအပေါ် လိုအပ်သည် များ ဆောင်ရွက်ပေးနိုင်ရေး ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့သို့ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့သည် ယခင်ကသွားရေး လာရေးခက်ခဲ သည့်ဒေသများ ဖြစ်သော်လည်း ယခုအခါတွင် လမ်းပန်းဆက်သွယ်ရေး အတိုင်းအတာတစ်ခုအထိ ကောင်းမွန်လာခဲ့ပြီ ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်သည် ရှောင်လွဲ၍ရနိုင်သည်မဟုတ်သော်လည်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခြင်းဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင် ကာကွယ်နိုင်မည်ဖြစ်ကြောင်း။
မြို့နယ်အသီးသီးမှ တင်ပြချက်များအပေါ် ထောက်ပံ့ရေးပစ္စည်းများ လိုအပ်မှုနှင့်ပတ်သက်၍ ဦးစားပေးသတ်မှတ်ချက်များအလိုက် စနစ်တကျတွက်ချက်၍ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ မြို့နယ်အလိုက် ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်များကိုလည်း အမြန်ဆုံးဖြည့်ဆည်း ပေးနိုင်ရေး စီမံပေးသွားမည်ဖြစ်ကြောင်း၊ ရသေ့တောင်မြို့နယ်သည် မုန်တိုင်းဖြတ်ကျော်ရာ လမ်းကြောင်း ပေါ်တွင်ရောက်ရှိနေသည့်အတွက် အထိအခိုက်အပျက်အစီးများ များပြားခဲ့ကြောင်း၊ ကြိုတင်ပြင်ဆင်မှုများ ရှိခဲ့ခြင်းကြောင့် ၃၇ ဦးခန့်သာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဘူးသီးတောင် မြို့နယ်သည် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ မြို့နယ်များအလိုက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ သဘာဝ ဘေးဒဏ်သည် အချိန်မရွေးရောက်ရှိလာနိုင်သည် ဖြစ်သည့်အတွက် ရေတိုကောင်းမွန်ရေးအတွက်သာ ဆောင်ရွက်ခြင်းမျိုး မပြုလုပ်ကြစေလိုဘဲ ရေရှည်ခိုင်ခံ့ ကောင်းမွန်ရေးကို အဓိကထား ဆောင်ရွက်ကြ စေလိုကြောင်း။
ရသေ့တောင်မြို့သည် ယခင်ကထက် ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရှိရသော်လည်း စနစ်ကျန သည့်မြို့အကွက်ကျပုံစံရှိရန်နှင့် မြို့နေပြည်သူများအားလုံး စည်းကမ်းစနစ်တကျရှိရန်လိုကြောင်း၊ ယခင်ကထက်ဖွံ့ဖြိုးတိုးတက်လာသည်ဖြစ်သဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ နေထိုင်မှု စည်းကမ်းများ သည်လည်း တိုးတက်ကောင်းမွန် လာရန်လိုကြောင်း၊ စီးပွားရေးကောင်းရန်အတွက် ကိုယ့်အားကိုယ်ကိုးရန် လိုကြောင်း၊ တိုင်းပြည်၏အားသည်ပြည်တွင်း၌သာရှိကြောင်း၊ ပြန်လည် ထူထောင်ရေးပစ္စည်းနှင့် စားရေး အတွက်လိုအပ်ချက်များကိုလည်း နိုင်ငံတော်မှဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း။
ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံရှိပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံ သည့် စက်မှုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ဘူးသီးတောင် ဒေသတွင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် မြေများများစွာရှိကြောင်း၊ အဆိုပါမြေများကို အကျိုးရှိထိရောက်စွာဖြင့်အသုံးချနိုင်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် မွေးမြူ ဆောင်ရွက်မည်ဆိုပါက အသား၊ ငါး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း။
ထိုသို့ဆောင်ရွက်ခြင်းဖြင့် တစ်ဦးချင်းဝင်ငွေများရရှိပြီး လူနေမှုအဆင့်အတန်းများ မြင့်တက် လာမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းဝင်ငွေရရှိရေး တရားဝင်နည်းလမ်းများဖြင့်သာ ဆောင်ရွက်ကြ စေလိုကြောင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ မြန်မာနိုင်ငံ၏ အနောက်ဘက်အကျဆုံး နယ်မြေဖြစ်သဖြင့် တိုင်းပြည်ကိုချစ်သည့်စိတ်ဖြင့် ကာကွယ်ရန်လိုကြောင်း၊ မြန်မာနိုင်ငံအတွင်းနေထိုင်သူများဖြစ်သဖြင့် မိမိတို့နေထိုင်သည့်မြေပေါ်တွင် သစ္စာရှိရှိဖြင့် ဆောင်ရွက်ရန် လိုကြောင်း၊ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်းရှုနေကြသူများဖြစ်သဖြင့် အားလုံး ညီညီညွတ်ညွတ်ဖြင့် နေထိုင်ကြရန်လိုကြောင်း၊ မိမိတို့၏အမျိုးသားရေး ရည်မှန်းချက်မှာ တိုင်းပြည်သာယာ ဝပြောရေးနှင့် တိုင်းပြည်စားရေရိက္ခာ ပေါများရေးပင်ဖြစ်ကြောင်း။
ဒေသတွင် နေထိုင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနိုင်မှ သာလျင် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင် ပိုင်ဆိုင်ထားသည့် အရင်းအမြစ် များကို အကျိုးရှိရှိအသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှသာလျင် ဒေသဖွံ့ဖြိုး တိုးတက်ရေးကို လျင်မြန်စွာဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး ကိုလည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာ၌ ပညာတတ် လူသား အရင်းအမြစ်များသည်လည်း မဖြစ်မနေလိုအပ်ကြောင်း၊ ထို့ကြောင့် ပညာရေးကို အားပေး ဆောင်ရွက်ကြ စေလိုကြောင်း၊ လက်ရှိအခြေအနေထက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ မျိုးဆက်သစ်ကလေးငယ်များကို ကောင်းမွန်စွာ မြေတောင်မြှောက်ပေးရန်လိုကြောင်း၊ ၎င်းတို့၏ အနာဂတ်ကိုကောင်းစေလိုပါက ပညာရေးကို အားပေးရမည်ဖြစ်သကဲ့သို့ နောင်အနာဂတ်တွင် ဒေသဖွံ့ဖြိုးတိုးတက်စေလိုပါက ပညာရေးကို မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အတန်းပညာ ရှိမှသာလျှင် အတတ်ပညာများကို သင်ယူ တတ်မြောက်နိုင်မည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်သည့် ဒေသနှင့် နိုင်ငံတော်ကို ဖော်ဆောင်နိုင်မည်ဖြစ်သဖြင့် ပညာရေးကို အလေးထားဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြို့နယ်အသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများအတွက် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက လက်ခံရယူခဲ့ကြကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
 

Post Paragraph
video-upload