
နေပြည်တော် ဇူလိုင် ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒေါက်တာ အောင်ကျော်မင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီး များ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီး များနှင့် တာဝန်ရှိသူများလိုက်ပါ၍ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
စစ်တွေမြို့တွင်းနှင့် ရှုခင်းသာလမ်းတစ်လျှောက် သန့်ရှင်းသာယာရေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့လေဆိပ်သို့ ရောက်ရှိကြပြီး စစ်တွေမြို့အတွင်းနှင့် ရှုခင်းသာလမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု များကို ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်အား ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် တာဝန်ရှိသူများ က စစ်တွေမြို့ View Point နေရာ၌ ရှုခင်းသာလမ်းတစ်လျှောက် ဆိုင်ကလုန်း မုန်တိုင်း (မိုခါ) တိုက်ခတ်စဉ် ပျက်စီးခဲ့သည့်နေရာများအား ဦးစားပေးအလိုက် ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်ပြင်ဆင်ရေးနှင့် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ လတ်တလောငွေကြေးကုန်ကျမှု များထက် ဒေသ၏ရေရှည်အကျိုးကိုကြည့်၍ ဆောင်ရွက်ရန်လိုကြောင်း၊ ရှုခင်းသာလမ်းကို ပင်လယ် ကမ်းစပ်တစ်လျှောက်လုံး မြို့ပတ်လမ်းအဖြစ် ဆောင်ရွက်သွားရန်၊ ယာဉ်သွားလမ်းနှင့် ပလက်ဖောင်းများ စနစ်တကျ ဖြစ်အောင်ဆောင်ရွက်သွားရန်နှင့် မော်တော်ကားလမ်းအကျယ်နှင့် လူသွားလမ်း ပလက်ဖောင်းအကျယ်တို့ကိုလည်း ပြည်သူများအန္တရာယ်ကင်းစွာသွားလာနိုင်ရေး စနစ်တကျတွက်ချက် ကာ တိုးချဲ့ဆောင်ရွက် သွားရန်လိုကြောင်း၊ မြို့ပတ်လမ်းတစ်လျှောက်၌ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက်ရန်နေရာများ၊ ပင်လယ်ကမ်းစပ်သို့ ဆင်းနိုင်သည့် နေရာများကိုလည်း ထည့်သွင်းတည်ဆောက်သွားရန်လိုကြောင်း၊ ရေစီးရေလာများ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ စနစ်တကျရှိရန် လိုသကဲ့သို့ မြေသားများနှင့် သဲနုန်းများလမ်းပေါ်၌ တင်ကျန်နေပါက လမ်း၏ရေရှည်ကြံ့ခိုင်မှုကို ထိခိုက်စေနိုင်သဖြင့် သန့်ရှင်းရေးမပြတ်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် စစ်တွေမြို့ View Point နေရာအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ယခင်အတိုင်း သန့်ရှင်းသာယာ လှပမှုရှိစေရေး ပြန်လည်ဆောင်ရွက်သွားရန်လိုအပ်သည်များကို မှာကြားခဲ့ပြီး ရှုခင်းသာလမ်း တစ်လျှောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများဖြန့်ခွဲနေမှု ကြည့်ရှုအားပေး၊ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ဘက်စုံသုံးဆိပ်ကမ်း၌ MV ROYAL VENUS သင်္ဘောနှင့် Fortune သင်္ဘောပေါ်မှ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်းများကို လူအင်အား၊ စက်ယန္တရားအင်အားများ အသုံးပြု၍ သဘာဝဘေးဒဏ်သင့်ဒေသများသို့ ဖြန့်ခွဲပေးရန်ဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်နေကြသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို တွေ့ဆုံအားပေးစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူသည်။
ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှု အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ လမ်းညွှန်ချက်များနှင့်အညီ အပိုင်းလိုက်ခွဲ၍အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ လမ်းပန်း ဆက်သွယ်မှုများပြန်လည်ကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိမှု၊ အခြေခံပညာကျောင်းများ ပြန်လည် ပြုပြင်ပြီးစီးမှု၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် ဆေးရုံဝန်ထမ်းများ၊ သူနာပြုများနှင့် ကြက်ခြေနီ အဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိမှု၊ ရုပ်သံလိုင်းများကောင်းမွန်ရေး ဆောင်ရွက်ပြီးစီးမှု၊ ပြန်လည် ထူထောင်ရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု၊ သောက်သုံးရေရရှိရေးဆောင်ရွက်ပေးထားမှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသား၊ ငါး၊ ဥ စသည့် မွေးမြူရေး ထုတ်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိမှုနှင့် တပ်မတော်မှလည်း သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိမှု၊ ပင်လယ်ကမ်းစပ် တစ်လျှောက် လေကာပင်များစိုက်ပျိုးလျက်ရှိမှုနှင့် ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက် လျက်ရှိမှု၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီး များမှ အနီးကပ်ကြပ်မတ် ဆောင်ရွက်ခဲ့မှုနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ညွှန်ကြားချက်အတိုင်း မုန်တိုင်း ဒဏ်သင့်ပြည်သူများ စားသောက် နေထိုင်ရေးနှင့် ပညာသင်ကြားနိုင်ရေး၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ ပြန်လည်ထူထောင်ရေးအတွက် ပြန်လည်ထူထောင်ရေးပစ္စည်းများကို တပ်မတော် ရေယာဉ်၊ လေယာဉ်များ၊ ပုဂ္ဂလိကရေယာဉ်များ ဖြင့် ပို့ဆောင်လျက်ရှိမှုအခြေအနေများ၊ စားရေရိက္ခာ ပြတ်လပ်မှုမရှိရေး အခြေခံစားသောက်ကုန်များ၊ သောက်သုံးရေများနှင့် အမယ်စုံများကို ဒေသခံပြည်သူ များထံ ဖြန့်ဝေပေးခဲ့မှု၊ မုန်တိုင်းသင့်ပြည်သူများအား အပိုင်းလိုက်ခွဲ၍ အမှန်တကယ်လိုအပ်သည့် ပြည်သူများထံ ထောက်ပံ့ရေးပစ္စည်းများရောက်ရှိရေး စီမံဆောင်ရွက်ထားရှိမှု၊ မုန်တိုင်းသင့် ပြည်သူများ၏ နေအိမ်များပြန်လည်ပြုပြင်နိုင်ရေးအတွက် လိုအပ်သည့် သစ်၊ သံ၊ သွပ်၊ တာပေါ်လင်စများ ကို အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးခဲ့မှုနှင့် လိုအပ်ချက်များ ရှိနေသေးသည့် အခြေအနေများ၊ ပညာရေးကဏ္ဍပြန်လည်ထူထောင်ရေးအတွက် စစ်တွေတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရသိပ္ပံ နှင့် အခြေခံပညာကျောင်းများ ပြန်လည်ပြင်ဆင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် အဆင့်မြင့် ပညာကျောင်းများနှင့် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပြန်လည်တက်ရောက်လျက်ရှိမှု၊ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ မြို့နယ် ၁၇ မြို့နယ် တွင် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ကျန်းမာရေးဆိုင်ရာ အဆောက်အဦများကို ပြန်လည်ပြုပြင်လျက်ရှိမှု၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု စက်ပစ္စည်းများ ရောက်ရှိဖြန့်ခွဲထားရှိမှု၊ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားသည့် သာသနာရေးဆိုင်ရာ အဆောက်အဦများ ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိမှုနှင့် လိုအပ်သည့် ဆောက်လုပ်ရေး ပစ္စည်းများ၊ ဆွမ်းဆန်တော်၊ ဆီနှင့် အခြားလိုအပ်သည်များကို လှူဒါန်းဆောင်ရွက်ခဲ့မှု၊ စေတီပုထိုးများ ပြန်လည်ပြုပြင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်မှပေးအပ်ထားသည့် သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ပေးအပ်ထားသည့် ထောက်ပံ့ငွေ များကို ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သုံးစွဲလျက်ရှိမှု၊ ရခိုင်ပြည်နယ် အတွင်းမှ လှူဒါန်းသည့် အလှူငွေများကိုလည်း စနစ်တကျဖြင့် စီမံဆောင်ရွက်လျက်ရှိမှု၊ ဆက်သွယ်ရေး ကဏ္ဍနှင့် ပတ်သက်၍ ပြန်လည်ပြုပြင်ရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ ဆက်သွယ်ရေးအော်ပရေတာ များမှ လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ဖြန့်ဖြူးလျက်ရှိမှု၊ ကျေးရွာများ လျှပ်စစ် ဓာတ်အားရရှိရေး ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိမှု၊ မိုးစပါးများ စိုက်ပျိုးထားရှိမှုနှင့် တစ်ဧက အထွက်နှုန်းများ တိုးတက်ရေးဆောင်ရွက်ထားရှိမှု၊ ရခိုင်ပြည်နယ်သို့ မျိုးစပါးများရောက်ရှိမှုနှင့် ပြန်လည် ဖြန့်ဝေပေးလျက်ရှိမှု၊ ရောက်ရှိလာသည့် လယ်ယာသုံးစက်ကိရိယာများကို မြို့နယ်များအလိုက် ဖြန့်ခွဲပေး ထားမှု၊ မွေးမြူရေး ဆိုင်ရာနှင့်ပတ်သက်၍ မုန်တိုင်းသင့်ဒေသများသို့ ပြန်လည်ဖြန့်ဖြူးပေးနိုင်ရန်အတွက် လိုအပ်သည့် ကျွဲ၊ နွားများ ဝယ်ယူရရှိရေးဆောင်ရွက်လျက်ရှိမှု၊ မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ငါးဖမ်းစက်လှေများ ပျက်စီးခဲ့မှု၊ ရေချိုသားဖောက် စခန်းများ ပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်ရန် လိုအပ်သည့်အခက်အခဲများ ကို ဖြေရှင်းပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ငါးမွေးမြူရေးတောင်သူများကို ငါးမျိုးများဖြန့်ခွဲ ပေးလျက်ရှိမှုနှင့် ငါး၊ ပုစွန် မျိုးများကို ပြည့်ဝစွာရရှိနိုင်ရေး သားဖောက်စခန်းများကို ပြန်လည်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု၊ မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် သစ်ပင်များ ပြန်လည်စိုက်ပျိုးရေးအတွက် ရတနာတန်းဝင်ပင်များ၊ အရိပ်ရလေကာပင်များ၊ ဒီရေတောပင်များ စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက် ထားရှိမှုနှင့် သစ်ပင်စိုက်ပျိုးပွဲများဆောင်ရွက်၍ သစ်ပင်များ စိုက်ပျိုးလျက်ရှိမှု စသည်ဖြင့်ကဏ္ဍအလိုက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာညွန့်ဖေ၊ ဦးမျိုးသန့်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝန်ကြီးဌာနအလိုက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့မှုနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ အခြေခံပညာကျောင်းများ ပြန်လည်ပြုပြင် ဆောင်ရွက်ခဲ့မှုနှင့် ပညာသင်ကြားရေးအပြင် ယာယီခိုလှုံရာ Shelter များအဖြစ်ပါအသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ခိုလှုံရာ Shelter များကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိမှုနှင့် ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်ချက်များကို ကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။
မူလအခြေအနေထက် ပိုမိုဖွံ့ဖြိုးတိုးတက်သည့် စစ်တွေမြို့အဖြစ် ဖော်ဆောင်ပေးနိုင်ရေး ရေရှည် အကျိုးကိုကြည့်၍ ဆောင်ရွက်ရန်လို
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မူလအခြေအနေထက် ပိုမိုကောင်းမွန်သည့် စစ်တွေမြို့အဖြစ် ပြန်လည်ဆောင်ရွက်ပေးနိုင်ရန်နှင့် ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရေး ယခုကဲ့သို့ ထပ်မံလာရောက် ကြည့်ရှု စစ်ဆေးခြင်းဖြစ်ကြောင်း၊ ခေတ်မီမြို့ပြအဖြစ် ရောက်ရှိလာစေရေး မြို့တွင်းရှိ ဆက်သွယ်ရေး လမ်းကြောင်းများကိုလည်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ အဆောက်အဦ များကိုလည်း ခေတ်နှင့်လျော်ညီသည့် အဆောက်အဦများဖြစ်စေရေး စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ဒေသ၏ရေရှည်အကျိုးကိုကြည့်၍ စနစ်တကျ တွက်ချက် ဆောင်ရွက်သွားရန်လိုကြောင်း။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် အဓိကအားဖြင့် စားရေရိက္ခာ လုံလောက်မှုရှိစေရေးနှင့် ဆန်နှင့်ဆီများရရှိရေးဆောင်ရွက်ပေးရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အတွက် မျိုးစပါးများအချိန်မီရရှိရေးအတွက်လည်း စီမံဆောင်ရွက်ရန်လိုပြီး ဒေသနှင့်ကိုက်ညီသည့် မျိုးများဖြစ်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ခေတ်မီပြီးစနစ်ကျသည့် မွေးမြူရေးလုပ်ငန်းများ ဖြစ်ရန်လိုကြောင်း၊ ရခိုင်ပြည်နယ်တွင် မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရန်အတွက် မွေးမြူရေးအစာကုန်ကြမ်းများ ရှိပြီးဖြစ်သဖြင့် အစာစနစ်၊ ရေစနစ်တို့ကို စနစ်တကျ ဆောင်ရွက်မည်ဆိုပါက မွေးမြူရေးအထွက်နှုန်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ဈေးကွက် သေချာသည့် ရေငန်ငါးနှင့် ပုစွန်မွေးမြူရေးကိုလည်း အဆင့်လိုက် ဆောင်ရွက်သွားရန်လိုကြောင်း။
အခြေခံပညာကျောင်းများ ပြန်လည်တည်ဆောက်ရေးအတွက် ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေးနှင့် လိုအပ်သည့်အချိန်များတွင် ယာယီခိုလုံရာ Shelter များအဖြစ် အသုံးပြုနိုင်ရေး စနစ်တကျဖြင့် တွက်ချက်စီမံဆောင်ရွက်ရန်လိုကြောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ ထိခိုက်ပျက်စီးမှုကိုလည်း ကူညီဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ မုန်တိုင်းကြောင့် ထိခိုက်ခဲ့သည့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် ထိခိုက်မှုအဆင့်အလိုက် သတ်မှတ်ထား သည့်အတိုင်း ထောက်ပံ့ပေးနိုင်ရေး စနစ်တကျဖြင့် စီမံခန့်ခွဲဆောင်ရွက်ရန်လိုကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် သစ်လိုအပ်မှုနှင့်ပတ်သက်၍ လိုအပ်သည့် အတိုင်းအတာ အထိ ဖြည့်ဆည်းပေးနိုင်ရေး အထူးကိစ္စရပ်တစ်ရပ်အနေဖြင့် စီမံဆောင်ရွက်ရန်လိုကြောင်း၊ ဒေသအလိုက် အပျက်အစီးများ၊ အမှိုက်သရိုက်များကို သန့်ရှင်းရေး စနစ်တကျဆောင်ရွက်ခြင်းမရှိပါက ကျန်းမာရေးပိုင်း ဆိုင်ရာများတွင်ပါ ထိခိုက်လာနိုင်သဖြင့် သန့်ရှင်းရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ စစ်တွေဆေးရုံကြီးတွင် အရေးပေါ်ကုသမှုများ ဆောင်ရွက်ခြင်းနှင့် အဆင့်မြင့် ကုသခြင်းများ ဆောင်ရွက် နိုင်ရန်အတွက် ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပါရဂူများ၊ ဆေးမှူးများနှင့် ဒေသခံအငြိမ်းစား ပါရဂူကြီးများ ပူးပေါင်း၍ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ရန် ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်း၊ လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများကို နိုင်ငံတော်မှ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် သွားမည်ဆိုပါက ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ပိုမိုဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း။
လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ နိုင်ငံတော်ဓာတ်အားလိုင်းမှ ချိတ်ဆက်ဆောင်ရွက်ထားခြင်း ဖြစ်သဖြင့် သဘာဝဘေးဒဏ်ကျရောက်ချိန်တွင် ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်နိုင်ကြောင်း၊ ထို့ကြောင့် ဒေသတွင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး နည်းလမ်းရှာဖွေဆောင်ရွက်ရန်လိုကြောင်း၊ စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို ဆောင်ရွက်နိုင်သကဲ့သို့ ရေအရင်းအမြစ်ကို အသုံးချ၍ အသေးစား၊ အလတ်စား ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများ ဆောင်ရွက်နိုင်ရေး အတွက်လည်း လေ့လာဆောင်ရွက်ရန်လိုကြောင်းဖြင့် ဖြည့်စွက်မှာကြားပြီး ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
လိုအပ်သည်များ လမ်းညွှန်မှာကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကျရောက်ပြီးနောက်ရက် မေ ၁၅ ရက်တွင် ရခိုင်ပြည်နယ် အတွင်း သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း၊ သဘာဝဘေးဒဏ်ကျရောက်ခဲ့ပြီး နှစ်လခန့်အတွင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရှိအောင်ဆောင်ရွက်နိုင်ခဲ့သည်ကို ယခုထပ်မံရောက်ရှိချိန်တွင် တွေ့ရှိရကြောင်း၊ မုန်တိုင်းကြောင့်ဖြစ်ပေါ်ခဲ့သည့် အပျက်အစီးများ ဖယ်ရှားခြင်းအပိုင်းနှင့် ပတ်သက်၍ အချို့နေရာများတွင် လိုအပ်ချက်များရှိနေသည်ကို တွေ့ရှိရပြီး ဒေသတွင်နေထိုင်သူများ အနေဖြင့် မိမိတို့နေထိုင်ရာ အိမ်ခြံဝန်းများအတွင်း အပျက်အစီးများကို ဖယ်ရှားရန်အတွက် တိုက်တွန်း ဆောင်ရွက်ကြစေလိုကြောင်း။
အဆောက်အဦများ ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ လက်ရှိအဆောက်အဦများ ပြင်ဆင်ခြင်းနှင့် နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် ခံနိုင်ရည်ရှိပြီး ရေရှည် တည်တံ့ ခိုင်မြဲရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ဆောင်ရွက်ပေးသည့်အပိုင်းနှင့် ပြည်သူများက ဆောင်ရွက်နိုင်သည့် အပိုင်းဟူ၍ရှိကြောင်း၊ အဆောက်အဦများ ဆောက်လုပ်ရာတွင် ရေရှည်ခိုင်ခံ့ရေးထက် အလှအပကို ဦးစားပေး ဆောက်လုပ်ခြင်းများကြောင့် အချို့အဆောက်အဦများ ပျက်စီးမှုများပြားသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ရေရှည်ခိုင်ခံ့သည့် အဆောက်အဦများဖြစ်စေရေး စနစ်တကျဖြင့် တွက်ချက်ပြင်ဆင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပျက်စီးအဆောက်အဦများ အစားထိုး ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ လည်း အကြီးစားပြင်ဆင်ခြင်းများရှိသကဲ့သို့ လူနေအဆောက်အဦများ အသစ်ပြန်လည် ဆောက်လုပ် ရခြင်းများ လည်းရှိကြောင်း။
ဆောက်လုပ်ရေးလုပ်ငန်းများ အဆင့်မြှင့်တင်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်နယ်အဆင့်တို့မှ တာဝန်ရှိသူများက စနစ်တကျဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် စီမံခန့်ခွဲမှုများအရ၊ ငွေကြေးအရ၊ စားသောက်ကုန်များနှင့် အခြားလိုအပ်သည်များကို တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အစိုးရ၏ကူညီမှုများသာမက ဒေသတွင်နေထိုင် သူများ အနေဖြင့်လည်း မိမိတို့ကိုယ်တိုင်ပါဝင် ဆောင်ရွက်ကြမည်ဆိုပါက လုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန် လာမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ အတူတကွ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ရခိုင်ပြည်နယ်အနေဖြင့် မူလအခြေအနေထက် ပိုမိုတိုးတက် လာနိုင်မည် ဖြစ်ကြောင်း။
သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့်အချိန်၊ အများပြည်သူအခက်အခဲအကျပ်အတည်းများ တွေ့ကြုံနေရသည့်အချိန်တွင် ကိုယ်ကျိုးစီးပွားအတွက် ပွဲလန့်တုန်းဖျာခင်းသည့်သူများက ဘယ်သူ သေသေ ငတေမာရင်ပြီးရောဆိုသည့် တစ်ကိုယ်ကောင်းဆန်သည့် စိတ်ဓာတ်ဖြင့်ဆောက်လုပ်ရေး သုံးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို သတ်မှတ်ဈေးနှုန်းများထက် မတန်တဆဈေးနှုန်းများဖြင့် မြှင့်တင်ရောင်းချနေမှုများ အပေါ်တွင်လည်း တာဝန်ရှိသူများအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချ နေသူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန်လိုကြောင်း၊ ဥပဒေအရထိရောက်သည့် ပြစ်ဒဏ်များကို ပေးရမည်ဖြစ်ပြီး မိမိတို့တစ်ဦးတစ်ယောက်၏ ကိုယ်ကျိုးစီးပွားအတွက် ဒေသခံ အချင်းချင်းအပေါ် အမြတ်ထုတ်ဆောင်ရွက်ခြင်းမှာ မဖြစ်သင့်ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများ အနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း။
စားသောက်ရေးနှင့်ပတ်သက်၍ လတ်တလောအဆင်ပြေမှုရှိစေရေးအတွက်လည်း ဒေသတွင်း လိုအပ်ချက်ရှိသည့် ဆန်ဆီနှင့် အခြားလိုအပ်သည်များကို ပေးပို့စေလျက်ရှိကြောင်း၊ အလားတူ ဒေသတွင်း အသားစားသုံးမှု အထောက်အကူဖြစ်စေရေးအတွက် မွေးမြူရေးအတွက်လိုအပ်သည့် ကြက်သားပေါက်များ ကိုလည်း တင်ပို့စေခဲ့ကြောင်း၊ စားရေးနှင့်ပတ်သက်၍ အသားငါးနှင့် ဥအမျိုးမျိုးသည် ဒေသအတွင်း အမြဲမပြတ်လိုအပ်ချက် ရှိနေမည်ဖြစ်သဖြင့် မွေးမြူရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဖြင့် ဆောင်ရွက် ကြရန်လိုပြီး ထိုမှတစ်ဆင့် တိုးချဲ့ဆောင်ရွက်သွားမည်ဆိုပါက ရခိုင်ပြည်နယ်အတွင်း အသားငါးများ ဖူလုံမှုရှိလာမည်ဖြစ်ကြောင်း။
စိုက်ပျိုးရေးနှင့်ပတ်သက်၍ ဒေသနှင့်ကိုက်ညီပြီး ရာသီဥတုဒဏ်ခံနိုင်သည့် အထွက်နှုန်းကောင်း မျိုးများဖြစ်ရန်လိုကြောင်း၊ မြေကောင်းမွန်ရေးအတွက် စနစ်တကျ မြေပြုပြင်မည်၊ လိုအပ်သည့် သွင်းအားစု နှင့် ဓာတ်မြေဩဇာများကို စနစ်တကျ ထည့်သွင်းမည်၊ စိုက်ပျိုးရေနှင့် အောင်ရေများ လုံလောက်စွာရရှိမည်၊ စိုက်နည်းစနစ်များ မှန်ကန်မည်ဆိုပါက အထွက်နှုန်းများ ကောင်းမွန်တိုးတက် လာမည်ဖြစ်ကြောင်း၊ မည်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်သည်ဖြစ်စေ နည်းစနစ်တကျ ဆောင်ရွက်မည်ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလည်း စနစ်တကျဖြင့် အောင်မြင်စေလိုကြောင်း၊ ထိုကဲ့သို့ စနစ်တကျဖြင့် အောင်မြင် အောင် ဆောင်ရွက်နိုင်ရေးအတွက်က ဒေသတွင်း၌ အသိပညာအတတ်ပညာပြည့်ဝသည့် လူသား အရင်းအမြစ်ကောင်းများ များစွာ ပေါ်ထွန်းလာရန်လိုကြောင်း၊ ထို့ကြောင့် ကျောင်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများ စာသင်နှစ်အတွင်း အတန်းပြီးဆုံးသည်အထိ သင်ကြားရန်နှင့် တန်းစဉ်ကူးပြောင်းမှုများ ရာနှုန်းပြည့်မီ ရန်လိုကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သဖြင့် ပညာသင်ကြားရေးကို အားပေးဆောင်ရွက်ရန် လိုကြောင်း၊ ရခိုင်ပြည်နယ်သည် ပညာတတ်များ ပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်ပြီး ပညာရည် မြှင့်တင်မှုနှင့်ပတ်သက်၍ ဆက်လက်အားပေး ဆောင်ရွက် သွားကြစေလိုကြောင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်းများအတွက် အခြေခံပညာများရရှိနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာသင်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ထိုမှတဆင့် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရပ်များအလိုက် အဆင့်မြင့်ပညာရပ်များကို ဆက်လက်သင်ယူနိုင်မည်ဖြစ်ကြောင်း၊ အနာဂတ် ကာလတွင် ရခိုင်ပြည်နယ် ပိုမိုတိုးတက်လာရေးအတွက် ယခုအချိန်တွင် ပညာသင်ကြားလျက်ရှိသည့် ဒေသတွင်းမှ ကျောင်းသားကျောင်းသူများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် ပညာရည်မြှင့်တင်ရေးကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြ စေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ပညာရေးဆိုင်ရာ ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွက် လိုအပ်သည့် ဆရာ၊ ဆရာမများကိုလည်း ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းမှာ အနာဂတ်ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးခြင်း ပင်ဖြစ်ကြောင်း။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက အင်တိုက် အားတိုက်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး ဒေသတွင်နေထိုင်ကြသူများအနေဖြင့်လည်း အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမည် ဆိုပါက မူလအခြေအနေများထက် ပိုမိုကောင်းမွန်သည့် ဒေသများအဖြစ် ဆက်လက်ဖော်ဆောင် သွားနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိသကဲ့သို့ ရခိုင်ပြည်နယ် အတွင်းနေထိုင်ကြသူများ၊ ဒေသတွင် လာရောက်တာဝန် ထမ်းဆောင်လျက် ရှိသည့်နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ဒေသအကျိုးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများဆောင်ရွက် ပေးရာတွင် ယခင်ပုံမှန်ဆောင်ရွက်နေသည်များထက် ပိုမို၍ခွန်အားစိုက် ထုတ်လုပ်ဆောင်ကြရန် မှာကြားလိုကြောင်းဖြင့် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။









