ကလေးဝမြို့နယ်၊ ဘလက်သာချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ဇွန်လ ၁၈ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၆၅ ဒသမ၂၄၉ သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ မစိန် - အင်ဒုတ် - နန်းကလက်လမ်းပေါ်ရှိ ဘလက်သာချောင်းကူး ၃၅ ပေ သံကူကွန်ကရစ်တံတား တည်ဆောက် ပြီးစီးမှုအခြေအနေများအား တမူးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦး၊ ကလေးဝမြို့နယ်၊ လမ်း/တံတား လုပ်ငန်းများ အရည်အသွေး စစ်ဆေးရေးအဖွဲ့နှင့် တာဝန်ရှိသူများ ယနေ့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့သည်။

          အဆိုပါ ဘလက်သာချောင်းကူး၊ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းသည် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သဖြင့် ကလေးဝခရိုင်အတွင်းရှိ ကျေးရွာ ၅၉ ရွာ၊ အိမ်ခြေ ၃၃၈၀ အိမ်၊ လူဦးရေ ၁၇၄၁၉ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို များစွာ အကျိုးပြုလျက်ရှိကြောင်း သိရှိရသည်။