စက်တင်ဘာလ ၂၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့က မြစ်ကြီးနားမြို့ရှိ ယာယီတိုက်ပွဲရှောင် ပြည်သူများအတွက် အခြေခံစားသောက်ကုန် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကချင်ပြည်နယ် တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်များနှင့်အညီ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပြည်နယ်/ပြည်မ အကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေသကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် လိုအပ်သည့် ကူညီထောက်ပံ့မှုများအား ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက်လည်း ထောက်ပံ့မှုများအား ဘဏ္ဍာနှစ်အလိုက် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်အချိုးကျသည့်အတွက် နယ်မြေတည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့် ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍမှ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ယာယီတိုက်ပွဲရှောင် ပြည်သူများအား အခြေခံစားသောက်ကုန်များအား ပေးအပ်ခဲ့ကြပြီး ယာယီတိုက်ပွဲရှောင် ပြည်သူများကိုယ်စား တိုင်းရင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယာယီတိုက်ပွဲရှောင် ပြည်သူများအား အားပေးစကားပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အခက်အခဲ တင်ပြချက်များအား ဖြည့်ဆည်းပေးခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။