ရေးမြို့နယ်၊ ကဗျာဝ - တရုတ်ထောက်လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေး

မတ်လ ၂၅ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းခြေဒေသများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၄၁ ဒသမ ၅၉၉ သန်းဖြင့် ရေးမြို့နယ်၊ ကဗျာဝ - တရုတ်ထောက် ကမ်းခြေပတ်မြေသားလမ်း ၃ မိုင် ၄ ဖာလုံအနက် ၁ မိုင် ၄ ဖာလုံအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိ ပါသည်။

          အဆိုပါလမ်းလုပ်ငန်း ပြီးစီးပါက ကဗျာဝကျေးရွာနှင့် တရုတ်ထောက်ကျေးရွာများရှိ အိမ်ထောင်စု ၄၆၅ စု၊ လူဦးရေ ၂၆၂၃ ဦး တို့ကို အကျိုးပြုနိုင်မည်ဖြစ်ပြီး ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေး၊ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်းများအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရှိရပါသည်။