နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မဟာသင်္ကြန် အတာရေသဘင်ပွဲတော်တွင် ပါဝင်ဆင်နွှဲ

နေပြည်တော် ဧပြီလ ၁၄  ရက်
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်တွင် ကျရောက်သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန် အတာ ရေသဘင်ပွဲတော်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအနေဖြင့် ရိုးရာ အစဉ်အလာမပျက် မြန်မာနှစ်သစ်တွင် စိတ်ခွန်အားသစ်များ ရရှိစေရန်နှင့် စိတ်အပန်းပြေ ပျော်ရွှင် စွာဖြင့် ရေကစားနိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန် အတာရေသဘင်ပွဲတော်  ဖွင့်ပွဲအခမ်းအနားအား ၁၃-၄-၂၀၂၃ အကြိုနေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ အကျနေ့  ညနေ ၃ နာရီ အချိန်၌ နေပြည်တော် ရုံးအမှတ် (၄၂) ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ပျော်ပွဲရွှင်ပွဲများနှင့် စတုဒီသာ ကျွေးမွေးဧည့်ခံခြင်းများကို  ဆက်လက် ကျင်းပပြုလုပ်ခဲ့ပါသည်။
    အဆိုပါ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မဟာသင်္ကြန် အတာရေသဘင် ပွဲတော် အကျနေ့တွင် အထူး ဖိတ်ကြားထားသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ၊ ဦးသာဌေး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာကျော်ထွန်း၊ ဒေါက်တာအောင်ကျော်မင်း၊ ဦးခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့် ဇနီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နှင့် ဇနီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ခင်ပွန်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Pheng နော်တောင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဇနီး နှင့် ဝန်ထမ်း မိသားစုများ တက်ရောက်၍ ပျော်ရွှင်စွာ  ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
ရှေးဦးစွာ ပျော်ပွဲရွှင်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ အဖွဲ့ဝင် များနှင့် ပြည်ထောင်စုဝန်ကြီးများအား နယ်စပ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ဌာနအကြီးအကဲများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ယိမ်းအဖွဲ့များက လှိုက်လှိုက်လဲလဲ ဝမ်းပန်းတသာ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါသည်။  
ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများသည် ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုများနှင့် ယိမ်းအကအဖွဲ့များအား အမွှေးနံ့သာရေများပက်ဖြန်း၍ အတူတကွ ပျော်ရွှင်စွာ ရေကစားခဲ့ကြပြီး ဝန်ထမ်းမိသားစုများနှင့် အနုပညာရှင်များ၏ အလှအပများဖြင့် ကပြ သီဆို ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ဝန်ထမ်း မိသားစုများ ၏ နိဗ္ဗာန်ဈေး (စတုဒိသာ) ကျွေးမွေးဧည့်ခံနေမှု များကို ကြည့်ရှုအားပေးခဲ့ပြီး ဝန်ထမ်းများ နှင့် အတူတကွ သုံးဆောင်ခဲ့ကြပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအနေဖြင့် ဧပြီလ ၁၃ ရက် အကြိုနေ့ မှ စတင်၍ ဧပြီလ ၁၆ ရက် အတက်နေ့အထိ ဝန်ကြီးဌာန မဏ္ဍပ်၌ အဆို၊ အက များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါနေ့ရက်များတွင် ဝန်ကြီးရုံး၊ ဦးစီးဌာနများမှ စတုဒိသာများကို အမယ်စုံလင်စွာဖြင့် ကျွေးမွေးဧည့်ခံသွားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။