တောင်ကြီး ၊ဧပြီလ ၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်နိုင်ငံလုံး အကြားအလပ်မရှိ တောင်တန်းမြေပြန့်မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်း ၁၁/၁မိုင်၊ ကျောက်လမ်း ၃/၀မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၂/၀မိုင်၊ ကတ္တရာလမ်း ၀/၄မိုင်၊ ဘေလီတံတား ၂ စင်း၊ Box Culvert ၃၃စင်း၊ ရေရရှိရေးလုပ်ငန်း ၁ခု၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်း ၂ ခု၊ သာသနာရေးလုပ်ငန်း ၄ခုနှင့် ဦးစီးဌာနလုပ်ငန်း ၁ခုအား စုစုပေါင်းခွင့်ပြုရန်ပုံငွေ ၁၇၉၀ ဒသမ ၆၇၂ကျပ်သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်အပါအဝင် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား ပြည်သူတို့အတွက် လမ်း/တံတားလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ သာသနာရေးလုပ်ငန်းနှင့် အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းများစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။