ကရင်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စက်တင်ဘာလ ၁၅ ရက်
နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် သာယာကုန်း-ရေကျော်လမ်း ၄ ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လမ်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ လမ်းရေရှည်တည်တံ့စေရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လမ်းရေရှည် တည်တံ့ခိုင်မြဲစေရေးအတွက် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ကော့ကဒါ- ကော့မရီး- တမံဦး ကျေးရွာချင်း ဆက်လမ်း ၂ မိုင် ၄ ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လမ်းရေရှည် တည်တံ့ခိုင်မြဲစေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် မှာကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ဘားအံမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် တောင်ဝိုင်း တောင်ပတ်လမ်း ၁ မိုင် ၄ ဖာလုံ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဘားအံမြို့နယ်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု သင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ သင်တန်းကျောင်းအုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ဝန်ထမ်းများ၊ သင်တန်းသားများအား တွေ့ဆုံမှာကြားခဲ့ပြီး ချီးမြှင့်ငွေများ ပေးအပ်ကာ သင်တန်းသားများ ဘာသာရပ်အလိုက် လက်တွေ့လေ့ကျင့် သင်ကြားနေမှု များနှင့် ကျောင်းဝန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ ရောက်ရှိ ခဲ့ပြီး ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် သင်တန်းကျောင်းအုပ်များက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ အသီးသီးရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့‌နောက် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသူများအား တွေ့ဆုံမှာကြား၍ ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ကျောင်းဝန်းအတွင်းရှိ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းတွင် သင်တန်းသူများ လက်တွေ့ သင်ကြားလေ့ကျင့်နေမှုများ၊ အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာကြည့်တိုက်၊ သင်တန်းခန်းမများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
    

Post Paragraph