နေပြည်တော် ဖေဖော်ဝါရီ ၈
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC) အောက်ရှိ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် (၇-၂-၂၀၁၉) ရက်နေ့တွင် တာဝန်ရှိသူများ လိုက်ပါလျက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့နယ်အတွင်းရှိ ပေါ့အင်၊ မွေးပြင်၊ ပင်ခင်၊ လွယ်မော ကျေးရွာအုပ်စုများသို့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ ဆောင်ရွက်လျှက်ရှိသည့် အစားထိုးဖွံ့ဖြိုးရေး ရှေ့ပြေးစီမံကိန်း လုပ်ငန်းများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပင်ခင်ကျေးရွာအုပ်စုရှိ ပင်ခင်-ပယ်လော- မြင့်သောင် မြေသားလမ်း (၄/ဝ)မိုင် ဖောက်လုပ်နေမှုအားလည်းကောင်း၊ လွယ်အယ်-သံတောင်လမ်းပေါ်ရှိ လွယ်အယ်ကွန်ကရစ်တံတား (၅၀)ပေ တည်ဆောက်ရေးလုပ်ငန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွှေးပြင်ကျေးရွာအုပ်စု ခနွဲကောင်ထိုလမ်းခွဲ-ကောင်ဖားနား-ငှက်ပျောပင်မြေသားလမ်း (၂/ဝ)မိုင် ဖောက်လုပ်နေမှု၊ ပေါ့အင် ကျေးရွာအုပ်စု ဘုရားဖြူ-ပက်ကော် (11 KVA) (၅/ဝ)မိုင် လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းများအား လည်းကောင်း၊ ထိရွေး-ထိရယ်လမ်းပေါ်ရှိ ကွန်ကရစ်တံတား(၅၀)ပေ တည်ဆောက်နေမှု လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာန၏ မူဝါဒ၊ စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်ရေးနှင့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဘုရားဖြူ-ပက်ကော် 11 KVA လျှပ်စစ်မီးလိုင်းသွယ်တန်းခြင်းဖြင့် ဆောင်းနိုင်၊ တခေါက်၊ ကျောက်တင်၊ ပက္ကော်လုံးကြိမ်း၊ ပက္ကော်လုံးကြီး၊ ပက္ကော်လုံးမဏ္ဍပ်ခင်၊ ပက္ကော်လိန်းတင်၊ ကျွဲဖြူတွင်း၊ ပရှားမှူး ကျေးရွာ (၉) ရွာရှိ အိမ်ထောင်စု (၂၁၀၅) စု၊ လူဦးရေ (၉၃၇၇) ဦးတို့အတွက် မကြာမီ အချိန်အတွင်း လျှပ်စစ်မီးရရှိတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။