နေပြည်တော်၊ မေ ၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်ဒေသမှ နယ်မြေလုံခြုံရေး အခြေနေအရ ခေတ္တတိမ်းရှောင်လာသော မိသားစုဝင် (၂၂၇) ဦးတို့အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝိုင်းမော်မြို့နယ်၊ ရှငေါ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအခမ်းအနားသို့ ခေတ္တစစ်ဗျုဟာမှူး ဒုတိယဗိုလ်မှူးကြီးသက်နိုင်ဝင်း၊ ကချင်ပြည်နယ်ဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူး၊ မြစ်ကြီးနားခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် နေရပ်တိမ်းရှောင် တိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာခေတ္တစစ်ဗျုဟာမှူး ဒုတိယဗိုလ်မှူးကြီးသက်နိုင်ဝင်းက နေရပ်တိမ်းရှောင် ပြည်သူများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းလာချိန်၌ မိမိတို့ကျေးရွာနေအိမ်များတွင် ပြန်လည် နေထိုင်ကြစေလိုကြောင်း၊ ထိုသို့နေထိုင်ချိန်၌ လိုအပ်သော အစားအသောက်၊ လူ့အသုံးအဆောင်၊ ဆေးဝါးအကူအညီများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့များကလည်း ထောက်ပံ့ပစ္စည်းများ ပေးအပ်လျက်ရှိကြောင်း ရှင်းလင်းဆွေးနွေးကာ ဒေသခံပြည်သူများအား အားပေးစကားပြောကြားခဲ့သည်။
ယင်းအခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက ထောက်ပံ့ပေးသော ငွေကျပ် (၃၁၆၄၂၀၀) တန်ဖိုးရှိ ရိက္ခာတစ်လစာ၊ ဆန် (၈၂)အိတ်၊ ဆီ (၁၄၀)ပိဿာ၊ ကုလားပဲ(၂၁၁) ပိဿာ၊ ဆား (၃၅)ပိဿာတို့ကို ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးက ပေးအပ်ရာ ဒေသခံပြည်သူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ ခေတ္တတိမ်းရှောင် မိသားစုဝင် (၂၃၈၀)ဦးအတွက် ဆန်(၈၈၃)အိတ်၊ ဆီ (၁၃၉၀)ပိဿာ၊ ကုလားပဲ(၂၃၃၇)ပိဿာ၊ ဆား (၄၅၀)ပိဿာ၊ စောင် (၁၆၂)ထည်နှင့် ခြင်ထောင် (၈၂)လုံးတို့အား ဖားကန့်မြို့နယ်၊ မံဝယ် ကျေးရွာ၊ မြစ်ကြီးနားမြို့နယ်၊ တန်ဖဲကျေးရွာ၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ တနိုင်းမြို့နယ်၊ အောင်လော့ဒ်ကျေးရွာများတို့တွင် နယ်မြေခံ တပ်မတော်နှင့်ပူးပေါင်း၍ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆက်လက်၍လည်း ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းများ၊ ကလေးသူငယ်များအတွက် အာဟာရဖြည့်စွက်စာများ ထပ်မံပေးပို့ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။