လူမှုစီးပွားအဆင်ပြေရေး ဒီရေတောမြေဖို့ခြင်း ဆောင်ရွက်ပေး

စစ်တွေ မေ ၇

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်‌ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (စစ်တွေ)မှ ပြည်နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ ပြည်နယ်အတွင်းဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနက် ကျောက်ဖြူမြို့ နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ‌ရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုး‌ရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေဖြင့် လူချေတောင်ရင်း-ကျွန်းချောင်း-စပါးထားလမ်းနှင့် မော်ကြီး-ကြောင်တင်-မအူတော-ဝါးတော-လိပ်ပြင်ဒွိန်-ငစိမ့်ပြင်-မော်ကြီး ကျွန်းပတ်လမ်းတို့ကို ဆက်သွယ်ပေးမည့် ဒီရေတော (၀/၆)မိုင်အား ခြောက်ပေဒုမြေဖို့ခြင်း လုပ်ငန်းအား ခွင့်ပြုငွေကျပ် ၁၀၉ ဒသမ ၅၀၅ သန်းဖြင့်ဆောင်ရွက်ခဲ့ရာ ယခုမေလအတွင်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (စစ်တွေ)မှ သိရသည်။

အဆိုပါ ဒီရေတော (၀/၆)မိုင်၊ အကျယ် ၂၆ ပေ၊ အမြင့် ခြောက်ပေ လမ်းမြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့၍ ယခင်ကရေလမ်းခရီးကိုသာ အားကိုးအားထားပြုနေရသည့် မော်ကြီးကျွန်း ပေါ်ရှိ ဒေသခံပြည်သူများအနေဖြင့် မော်ကြီး - ကြောင်တင် - မအူတော - ဝါးတော - လိပ်ပြင်ဒွိန် - ငစိမ့်ပြင် - မော်ကြီး ကျွန်းပတ်လမ်းမှတဆင့် ဒီ‌ရေတောလမ်း၊ လူချေတောင်ရင်း - ကျွန်းချောင် - စပါးထားလမ်း တို့ကိုဖြတ်ကာ ကျောက်ဖြူမြို့သို့ လျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ပြီး မော်ကြီးကျွန်းပေါ်ရှိ ကျေးရွာပေါင်း ကိုးရွာ၊ အိမ်ထောင်စု ၅၈၆စုနှင့် လူဦးရေ ၂၇၀၅ ဦးတို့၏ ပညာရေး၊ ကျန်းမာရေးစသည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်၊

ဝေယံလင်း(ပြန်/ဆက်)