ဘုတ်ပြင်း အောက်တိုဘာ ၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်အတွင်းရှိ မြေသား လမ်းတာချဲ့ခြင်း၊ ကျောက်တောင်များ ရှင်းလင်းဖယ်ရှားခြင်းနှင့် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်း(၁၅/၀)မိုင်၊ ကျောက်ခင်းခြင်းလုပ်ငန်း (၆/၄)မိုင်၊ ဘေလီတံတား ငါးစင်း၊ မြေထိန်းနံရံ တည်ဆောက်ခြင်းနှင့် ၅ ပေ ရေနုတ် မြောင်း အစင်း ၄၀ တို့အတွက် စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၆၁၁ ဒသမ ၆၁၂ သန်းဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည်။
ရာနှုန်းပြည့်ပြီးစီး
အဆိုပါ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများမှာ ဘုတ်ပြင်းမြို့နယ် ဟန်ကပြုကျေးရွာအုပ်စု ပြည်ထောင်စုလမ်းမကြီးမှ ဟန်ကပြုကျေးရွာနှင့် ရွာဟေ့လူကျေးရွာများသို့ ဆက်သွယ်သည့် ကျေးရွာချင်းဆက်လမ်း (၃၄/၀)မိုင်အနက် မြေသားလမ်းတာချဲ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း (၇/၀) မိုင်၊ ကျောက်ခင်းခြင်း (၁/၄) မိုင်၊ သံကူ ကွန်ကရစ်တံတား နှစ်စင်း ၁၆၅ ပေ နှင့် မြေထိန်းနံရံ ပေ ၄၀၀ ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျန်ရှိသည့်လမ်းပိုင်းအနက်မှ (၁၅/၀)မိုင် မြေသားလမ်းပြုပြင် ထိန်းသိမ်းခြင်း၊ (၀/၂)မိုင် ကျောက် တောင်များ ရှင်းလင်းဖယ်ရှားခြင်း၊ (၆/၄)မိုင် ကျောက်ခင်းခြင်း၊ ၎င်း လမ်းပေါ်တွင် ဘေလီတံတားပေ ၂၀ နှစ်စင်း၊ ပေ ၃၀ သုံးစင်း၊ မြေထိန်းနံရံပေ ၂၀၀ နှင့် ၅ ပေ ရေနုတ်မြောင်း အစင်း ၄၀ တည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး ပြီဖြစ်ကြောင်း သိရသည်။
လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ
ယင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် နယ်စပ်ဒေသရှိ ကျေးရွာများအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေပြီး နယ်စပ်ဒေသရှိ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားရေးဘ၀ တိုးတက်မြင့်မားလာစေမည် ဖြစ်သည်။
ထက်အောင်(နတလ)