ကျောက်ဖြူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ကျောက်ဖြူ အောက်တိုဘာ ၁၈

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျောက်ဖြူ မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၁၀၅၉ ဒသမ ၆၇၈ သန်းဖြင့် မြေသားလမ်း(၂/၀)မိုင်၊ ဒီရေတော မြေဖို့ခြင်း လုပ်ငန်း (၀/၆)မိုင်၊ ကျောက်ချောလမ်း(၄/၁)မိုင်၊ ၂၅ ပေ ကွန်ကရစ်တံတားတစ်စင်း၊ ရေထုတ်ပြွန်တံတားရှစ်စင်း၊ ပိုက်ပြွန်တံတားလေးစင်းနှင့် ဦးစီးဌာနတည်ဆောက်ရေး လုပ်ငန်းနှစ်ခုတို့အား သတ်မှတ်ကာလအတွင်း ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများအနက် ဆင်ဘုတ်ကျေးရွာအုပ်စု၊ လူချေတောင်ရင်း ကျွန်းချောင်စပါးထားဆိပ်ကမ်းထိ မြေသားလမ်း(၂/၀)မိုင်၊ ကျောက်လမ်း (၂/၀)မိုင်၊ ရေထုတ် ပြွန်တံတားနှစ်စင်း၊ ပိုက်ပြွန်တံတားနှစ်စင်း တည်ဆောက် ခြင်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းအတိုင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

ယင်းကျေးရွာချင်းဆက် လမ်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးခြင်းကြောင့် ကျွန်းကြီး- သိုင်းချောင်း- တံတားဦး- ငသိုင်းချောင်း ကျေးရွာချင်းဆက်လမ်းကို ဖြတ်ကာ ကျောက်ဖြူ - မအီ- တောင်ကုတ် ပြည်ထောင်စုလမ်းမ ကြီးနှင့် ဆက်စပ်သွားလာနိုင်မည်ဖြစ်ပြီး ကျေးလက်နေ ပြည်သူများအနေဖြင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ကုန်စည်စီးဆင်းမှု ကောင်းမွန်လာမည် ဖြစ်ကြောင်း သိရသည်။

ဟန်လင်းနိုင်