ပင်းတယနှင့်ရွာငံမြို့နယ်တို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ပင်းတယ အောက်တိုဘာ ၆

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျေးလက်နေပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လမ်း၊ တံတားလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ကျပ် ၂၁၃၄ ဒသမ၂၉၄ သန်းဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်း မြေသားလမ်း ၃ မိုင် ၁ ဖာလုံ၊ ကျောက်လမ်း ၁၂ မိုင် ၅ ဖာလုံ၊ ကတ္တရာလမ်း ၂ မိုင် ၃ ဖာလုံ၊ ပေ ၆၀ အရှည်ရှိ တံတား တစ်စင်း၊ တံတားငယ်(Box Culvert) ၂၄ စင်းတို့အား အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဖေထံမှ သိရသည်။

အဆိုပါလုပ်ငန်းများ ပြီးစီးမှုကြောင့် ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၄ ရွာမှ အိမ်ထောင်စုပေါင်း ၄၅၇၀၊ လူဦးရေ ၂၀၀၈၂ ဦးတို့၏ ဒေသစီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ကြေးမုံ